လေယာဥ်မတော်တဆမှု အခြေအနေကြုံပါက အသင့်ရှိနေစေရန် ဇာတ်တိုက်လေ့ကျင့်မှု မန္တလေးတွင် ပြုလုပ်

0
191

လေယာဥ်မတော်တဆမှု အခြေအနေကြုံပါက အသင့်ရှိနေစေရန် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး) နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အား စီမံခန့်ခွဲသည့် MC-Jalux Airport Service Co.,Ltd တို့အကြား အရေးပေါ်အခြေအနေတစ်ရပ်ရပ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် လူနာတင်ယာဥ် ထောက်ပံ့ပေးနိုင်ရေးအတွက် ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ လေ့ကျင့်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လေ့ကျင့်မှု အစီအစဥ်တွင် မန္တလေးတိုင်းရုံးမှ အရေးပေါ် လူနာတင်ယာဉ် တစ်စီး၊ ချမ်းမြသာစည်မြို့နယ်ရုံး နှင့် ချမ်းအေးသာဇံမြို့နယ်ရုံးတို့မှ လူနာတင်ယာဉ် တစ်စီး စီ၊ ချမ်းသာသုခအသင်း မှ လူနာတင်ယာဉ် တစ်စီး စုစုပေါင်း လူနာတင်ယာဥ် ၄ စီးနှင့် အဖွဲ့ဝင် ၂၅ ဦးတို့ ပါဝင်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီ) အဖွဲ့ဝင်များသည် ယခုလေ့ကျင့်မှု အစီအစဥ်တွင် လေယာဥ်မတော်တဆမှု ဖြစ်စဥ်ကြောင့် ဒဏ်ရာရရှိသူများကို ဒဏ်ရာ အလိုက် အဆင့်ခွဲခြားသတ်မှတ်ပေးခြင်း၊ အရေးပေါ်ကုသရန် လိုအပ်သော လူနာများကို ရှေးဦးပြုစုကုသပေးခြင်း၊ သက်ဆိုင်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးခြင်းများ ပါဝင်လေ့ကျင့်ခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here