ရုံးတက်၊ ရုံးဆင်းချိန်တွင် YBS ယာဉ်များ ၅ မိနစ်တစ်စီးထွက်ပေးရန် ညွှန်ကြားထား

0
192

ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် ရုံးတက်၊ ရုံးဆင်းချိန်တွင် YBS ယာဉ်များ ၅ မိနစ်တစ်စီးထွက်ပေးရန် ညွှန်ကြားထားကြောင်း YRTC မှသိရသည်။

ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးလုံလုံလောက်လောက်မရရှိသည့် အတွက် YBS ခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် ရုံးတက်၊ ရုံးဆင်းအချိန်တွင် လုံလောက်စွာပြေးဆွဲနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

“ မီးပျက်လို့ YBS ယာဉ်တွေက CNG မရကြဘူး။ ရုံးတက်၊ ရုံးဆင်းချိန်ကိုတော့ အပြည့်ထွက်ပေးဖို့ ညွှန်ကြားထားတယ်။ ရုံးချိန်နဲ့လွတ်အောင် CNG ကိုတန်းစီခိုင်းထားတယ်။ အဓိက CNG ရတဲ့အခြေအနေပေါ်မှာပဲ မူတည်တယ်။ MOGE ကိုလည်းပြောထားတယ်။ မီးစက်တွေနဲ့လုပ်ပေးဖို့ပေါ့။ မီးစက်နဲ့ဆိုတာကလည်း မီးလာတဲ့အချိန်ရတဲ့ Pressure နဲ့တော့မတူဘူးပေါ့”ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်အစီးရေ ၅၇၅၈ စီးတွင် CNG အသုံးပြုပြေးဆွဲနေသည့် အစီးရေမှာ ၅၀၈၅ စီးရှိကြောင်း သိရသည်။ YRTC အနေဖြင့် လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ဂတ်စ်ဖြည့်စဉ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းကြောင့် YBS ယာဉ်လိုင်းများ CNG သီးသန့်ဖြည့်တင်းနိုင်ရန်အတွက် MOGE ကိုတင်ပြထားသော်လည်း MOGE ဘက်မှအဆင်မပြေကြောင်း အကြောင်းပြန်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင်း၌ CNG ဆိုင်ပေါင်း ၄၂ ဆိုင်ရှိပြီး ယင်းတွင် YBS ယာဉ်များအနေဖြင့် ၃၂ ဆိုင်တွင် CNG ဖြည့်တင်းနေရခြင်းဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here