လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းကဏ္ဍ (၂၈) ခုကို အခွန်ကင်းလွတ်ခွင့်ပေးရန်ပြင်ဆင်​နေ

0
330

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်း (၂၈) ခုကို ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ် သတ်မှတ်ကာ အခွန်ကင်းလွတ်ခွင့်နှင့် အခွန်လျှော့ပေါ့ခွင့်လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ EV ယာဉ်နှင့် ဆက်စပ်လုပ်ငန်း (၂၈) ခုအား ယခင်သတ်မှတ်ထားပြီးသား ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ထပ်မံထည့်သွင်းပေးလိုက်ခြင်းဖြစ်ပြီး အဆိုပါ လုပ်ငန်များကို လုပ်ကိုင်သူများအနေဖြင့် အခွန်ကင်းလွတ်ခွင့်နှင့် ဝင်ငွေခွန်ခွင့်များ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ထံမှ သိရသည်။

“ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍထဲမှာ EV ကို ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ ဒါကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ သဘောထားရယူပြီးတော့မှ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရတာ ဖြစ်ပါတယ် ။ EV လုပ်ငန်းဟာ အရင်ထုတ်ပြန်ထားပြီးဖြစ်တဲ့ အမိန့်ကြေညာစာ ၁၃/၂၀၁၇ ထဲမှာ မပါသေးဘူး။ ဒါကြောင့်မလို့ EV ဟာလည်း ဦးစားပေး ရင်းနှီးမြှုပ်နှံမှုထဲမှာပါတယ်ဆိုပြီး အမိန့်ကြေညာစာထုတ်တာ ဖြစ်ပါတယ်” ဟု ဦးသန့်စင်လွင်က နိုင်ငံပိုင် သတင်းဌာနမှတဆင့် ပြောကြားထားသည်။

အဆိုပါ အခွန်ကင်းလွတ်ခွင့် သက်သာခွင့်နှင့် ပတ်သက်၍ ပြီးခဲ့သည့် ဖေဖေလ်ဝါရီ ၁၅ ရက်ကပင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အမိန့်ကြေညာစာအမှတ် (၁/၂၀၂၃)ခုနှစ်ဖြင့် ဖြည့်စွက်ပြဌာန်းထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ကားများ တွင်ကျယ်စွာအသုံးပြုနိုင်ရန်အတွက် နစကအနေဖြင့် စီစဉ်ဆောင်ရွက်နေပြီးလျှပ်စစ်ကား တင်သွင်းမှုနှင့် ဆက်စပ်လုပ်ငန်းများအား အခွန်ကင်းလွတ်ခွင့်ပြုရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ပြည်ပမှ မှာယူတင်သွင်းသည့် လျှပ်စစ်ကားအချို့ ပြည်တွင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ရန်ကုန်နှင့် နေပြည်တော်တို့တွင် အငှားယာဉ်များအဖြစ် စမ်းသပ်အသုံးပြုရန် စီစဉ်လျက်ရှိသည်။

ရန်ကုန် ၊ နေပြည်တော်နှင့် မန္တလေးတို့တွင်လည်း လျှပ်စစ်ကားများ ဓာတ်အားဖြည့်တင်းနိုင်မည့် နေရာများ တည်ဆောက်လျက်ရှိပြီး မကြာမီအချိန်အတွင်း စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း နီးစပ်သူများထံက သိရသည်။

ယခု အခွန်ကင်းလွတ်ခွင့်ပြုမည့် ကဏ္ဍတွင် ပြည်ပမှ တင်သွင်းလာမည့် စက်ပစ္စည်းများ၊ စက်ကိရိယာတန်ဆာပလာများ၊ပြည်တွင်း၌ ဝယ်ယူ၍ မရရှိနိုင်သော တည်ဆောက်ရေးပစ္စည်းများ၊ စက်ပစ္စည်း အပိုင်းအစများနှင့် ဆက်စပ်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here