မလေးရှားတွင် ATM စက်ကို ဖောက်ခွဲ၍ ဒေါ်လာ တစ်သိန်းကျော် ခိုးယူ

0
233

ရှာအလမ်၊ ဖေဖော်ဝါရီ ၂၄

မလေးရှားနိုင်ငံတွင် မျက်နှာဖုံးစွပ်ထားသော လုယက်သူသုံးဦးသည် ရှာအလမ်မြို့ အမ်ဘဏ် ဘဏ်ခွဲရှိ ATM စက်ကို ငါးမိနစ်အတွင်း ဖောက်ခွဲကာ စက်အတွင်းရှိ ဒေါ်လာ တစ်သိန်း ခြောက်ထောင် တန်ဖိုးရှိသော မလေးရှားရင်းဂစ်ငွေများကို ခိုးယူပြေးသွားကြောင်း သိရသည်။

အဆိုပါအဖြစ်အပျက်အား ဖေဖော်ဝါရီလ ၂၃ ရက် ကြာသပတေးနေ့ နံနက် ၆ နာရီ ၄၈ မိနစ်ရောက်မှ ရဲကို အကြောင်းကြားကြောင်း ရှာအလမ် ရဲအရာရှိ မော့ အစ်ဘာ အီဘရာဟမ်က နူး စထရိတ်စ် တိုင်းမ်စ် သတင်းစာထံ ပြောကြားခဲ့သည်။

ထိုလုယက်သူ သုံးဦးသည် အခင်းဖြစ်ပွားရာအဆောက်အအုံထံသို့ အဖြူရောင် ဗင်ကားတစ်စီးဖြင့် ရောက်ရှိလာကာ စောင့်ကြည့်ကင်မရာ စီစီတီဗွီများအား အနက်ရောင်ဆေးဖြင့် ဖျန်းခဲ့သဖြင့် မှုခင်းဖြစ်စဉ်များကို သေချာမမြင်ရကြောင်း အီဘရာဟမ်က ပြောသည်။

ဖောက်ခွဲမှုကြောင့် ATM စက်နှစ်လုံး ထိခိုက်ပျက်စီးခဲ့သော်လည်း တစ်လုံးကိုသာ ဖောက်ထွင်း၍ ငွေသားများ ယူသွားခဲ့ကြောင်း သိရသည်။ အစောပိုင်း စုံစမ်းချက်များအရ လုယက်သူများသည် ATM စက်အား ဂတ်စ်ဖိအား သုံး၍ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ကောက်ချက်ချထားသည်။

Source: Straitstimes


LEAVE A REPLY

Please enter your comment!
Please enter your name here