အဓမ္မကျင့်သူ၏ လျှာကို ကိုက်ဖြတ်၍ သက်သေအဖြစ် ရဲထံအပ်ခဲ့သော ပြင်သစ်အမျိုးသမီး

0
362

လိင်ပိုင်းဆိုင်ရာ စော်ကားခံရသော ပြင်သစ်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် သူ့ကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သူ၏ လျှာအား ကိုက်ဖြတ်ကာ ရဲထံသို့ ဒီအင်န်အေ သက်သေအဖြစ် အပ်ခဲ့ကြောင်း သိရသည်။

အသက် ၅၇ နှစ်အရွယ် အဆိုပါ အမျိုးသမီးသည် ပြင်သစ်နိုင်ငံ အာဗီညွန်မြို့၌ ဖေဖော်ဝါရီလ ၁၉ ရက်၊ တနင်္ဂနွေနေ့ နံနက် ၄ နာရီခန့်က သူ၏ခွေးနှင့်အတူ လမ်းလျှောက်ထွက်လာစဉ် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက နောက်ယောင်ခံလိုက်လာခဲ့သည်ဟု ထွက်ဆိုထားသည်။

ထိုအမျိုးသားသည် သူ့ထံ ချဉ်းကပ်လာပြီး အတင်းပွေ့ဖက်နမ်းရှုပ်ကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သည်ဟု တရားလို အမျိုးသမီးက တိုင်ကြားထားသည်။

ထို့နောက် ရုန်းရင်းဆန်ခတ်ဖြစ်ကာ အဆိုပါ အမျိုးသမီးသည် အဓမ္မပြုကျင့်သူ အမျိုးသား၏ လျှာကို ကိုက်ဖြတ်၍ အိမ်သို့ ပြန်ပြေးလာခဲ့ပြီး သားဖြစ်သူနှင့်အတူ နယ်မြေရဲစခန်းထံသို့ သွားရောက် တိုင်ကြားအပ်နှံခဲ့ကြောင်း သိရသည်။

ရဲအရာရှိများသည် အခင်းဖြစ်ပွားရာသို့ သွားရောက်ကာ အဆိုပါ အမျိုးသားအား ဖမ်းဆီးခဲ့သည်။ ထိုအမျိုးသားသည် တူနီးရှားနိုင်ငံသား ဖြစ်ပြီး ပြင်သစ်တွင် တရားမဝင် နေထိုင်နေသူ ဖြစ်သည်ဟုလည်း သိရသည်။

ထို့နောက် အဆိုပါ အမျိုးသားကို ချက်ချင်း စမ်းသပ်စစ်ဆေးခဲ့ပြီး ပြင်သစ်မှ ထွက်သွားရန် အမိန့်ချမှတ်ခဲ့သည်။ သို့ရာတွင် ထိုအမျိုးသားသည် ရဲများအား သူကသာ အတိုက်ခိုက်ခံရသည့် နစ်နာသူဖြစ်ကြောင်း ပြောခဲ့သည်ဟု ဖရန့်စ်ဘလု့ ရေဒီယိုက ဖော်ပြထားသည်။

Source: Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here