တရုတ်နိုင်ငံကရုရှားကိုလက်နက်မထောက်ပံ့​ရေးသည် ဇလန်းစကီးအတွက်အရေးကြီးသဖြင့်ယူ၄င်းက တရုတ်သမ္မတနှင့်တွေ့ရန်စီစဉ်နေ

0
192

ကိဗ်၊ဖေဖော်ဝါရီ ၂၅

ယူကရိန်းစစ်အားရပ်တန့်လျက် ငြိမ်းချမ်းရေးဆွေးနွေးရန်ပေကျင်းကတောင်းဆိုခဲ့ပြီးနောက် ယူကရိန်းသမ္မတဇလန်းစကီးက သမ္မတရှီနှင့်တွေ့ဆုံဆွေးနွေးရန်စီစဉ်နေကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းနောက်သမ္မတဇလန်းစကီးက ၎င်းအနေဖြင့်တတိယကမ္ဘာစစ်ဖြစ်မလာစေရန်အတွက် အကောင်းဆုံးကြိုးစားလျက် တရုတ်၏ရုရှားသို့လက်နက်ထောက်ပံ့နိုင်ချေရှိမှုအား ကြိုးစားတားမြစ်မည်ဟုလည်းဆိုခဲ့သည်။

ဇလန်းစကီးက သမ္မတရှီနှင့်တွေ့ဆုံမည့် အချိန်နှင့်နေရာအားပြောကြားခြင်းမရှိသော်လည်း တရုတ်နိုင်ငံအနေဖြင့် တရားမျှတသောငြိမ်းချမ်းရေးအတွက် ယူကရိန်းနိုင်ငံကိုပံ့ပိုးပေးရန်မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ ရုရှားကိုလက်နက်မထောက်ပံ့ကြောင်း ကျွန်တော်အပြည့်အဝယုံကြည်ချင်ပါတယ်၊ ဒါဟာကျွန်တော့်အတွက် အင်မတန်အရေးကြီးတဲ့ကိစ္စပါ” ဟုလည်း၎င်းကပြောကြားခဲ့သည်။

သောကြာနေ့အစောပိုင်းက တရုတ်နိုင်ငံသည် ယူကရိန်းစစ်အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုတစ်ခုပြုလုပ်ရန်တောင်းဆိုခဲ့ပြီး စစ်ပွဲရပ်တန့်နိုင်မည့်အစီအစဉ်တစ်ခုအားချပြခဲ့သည်။

ပေကျင်းသည်ရုရှား – ယူကရိန်းအရေး၌ ၎င်း၏မိတ်ဖက်ရုရှားနှင့်မျက်နှာမပျက်ရအောင်ကြိုးစားထိန်းသိမ်းလျက် ကြားနေနိုင်ငံအဖြစ် ငြိမ်းချမ်းရေးကိုသာတွင်တွင်တောင်းဆိုနေခြင်းလည်းဖြစ်သည်။

Source : အေအက်ဖ်ပီ/အက်စ်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here