ကျူရှင်သွားရာမှ ပျောက်ဆုံးနေသည့် (၇) နှစ်အရွယ် ကလေးငယ်တစ်ဦး (၄) ရက်ကြာသည်အထိ ပြန်မတွေ့သေး

0
349

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် (၇) နှစ်အရွယ် ကလေးငယ်တစ်ဦး ကျူရှင်မှ နေအိမ်သို့အပြန် လမ်းတွင်ပျောက်ဆုံးသွားခဲ့ရာ (၄) ရက် ကြာသည်အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ချမ်းမြသာစည်မြို့နယ် ၊ လမ်း (၁၁၀) နှင့် (၆၇) လမ်းထောင့်တွင် နေထိုင်သည့် အသက် (၇) နှစ်အရွယ် မောင်ကောင်းမြတ်သူသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၂၂) ရက် နေ့လယ်ပိုင်းက ကျူရှင်မှ သူငယ်ချင်းဖြစ်သူနှင့် နေအိမ်သို့ ပြန်လာစဉ် လမ်းခုလတ်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ပြန်မတွေ့သေးဘူး ။ ဒီနေ့ဆို (၄) ရက်မြောက်နေ့ပေါ့။ သတင်းအစအနလည်း ဘာမှမရဘူး။ လုပ်စရာရှိတာတော့ အကုန်လုပ်ထားတယ် ။ရဲစခန်းမှာလည်း လူပျောက်မှုနဲ့ အမှုတော့ ဖွင့်ထားတယ်။ တခြားဆက်သွယ်လာတာတွေ ဘာတွေလည်း မရှိသေးဘူး” ဟု မောင်ကောင်းမြတ်သူ၏ ဦးလေးဖြစ်သူက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

မောင်ကောင်းမြတ်သူသည် ဖေဖေါ်ဝါရီ (၂၂) ရက်နေ့လည်ပိုင်းက (၆၆) လမ်း ၊ (၁၁၂) လမ်း နှင့် (၁၁၃) လမ်းပေါ်ရှိ ကျူရှင်မှ သူငယ်ချင်းဖြစ်သူနှင့်အတူပြန်လာရာ (၁၁၄) လမ်း နှင့် (၁၁၅) လမ်းကြား၊ ၆၅ လမ်းပေါ်ရှိ သူငယ်ချင်းနေအိမ်အထိ ပြန်လည်ရောက်ရှိခဲ့ပြီး နေအိမ်သို့ ပြန်ရောက်မလာဘဲ လမ်း၌ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

” သူငယ်ချင်းအိမ်ထိတော့ ပြန်ရောက်လာတယ်ပေါ့နော်။ အဲဒီကနေ အိမ်ကို ပြန်လာတော့ လမ်းမှာ ပျောက်သွားတာ ။ ဝေးလို့လားဆိုတော့ ကလေးအတွက်ဆိုရင်တော့ နည်းနည်းဝေးတာပေါ့နော်” ဟု ကလေး၏ ဦးလေးဖြစ်သူက ပြောသည်။

လက်ရှိအချိန်ထိ ပျောက်ဆုံးနေသည့် မောင်ကောင်းမြတ်သူသည် အက်စ်မာ ရောဂါခံရနေရကာ အဆိုပါ ကျူရှင်တွင် ရက်ပိုင်းသာ တက်ရောက်ရသေးပြီး ဖြစ်စဉ်ဖြစ်ပွားသည့်နေ့က ကျူရှင်မှ ဆရာမအား သူငယ်ချင်းဖြစ်သူနှင့်အတူပြန်မည်ဟု အသိပေးကာ ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။

” နွေရာသီဆိုတော့ ကျူရှင်အပ်လိုက်တာပေါ့နော်။ (၂) ရက်လောက်ပဲ ရှိသေးတယ်။ သူက ဆရာမကို သူငယ်ချင်းနဲ့ လိုက်ပြန်မယ်ဆိုပြီးပြောတော့ ဆရာမက ခွင့်ပြုပေးလိုက်တာ” ဟု ဆိုသည်။

မန္တလေးမြို့တွင် ကလေးငယ်များ ပျောက်ဆုံးမှု မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းကလည်း အလားတူ (၅) နှစ်အရွယ်ကလေးငယ်တစ်ဦး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

အဆိုပါကလေးငယ် ပျောက်ဆုံးမှုမှာ ကလေးငယ်၏ အဘိုးနှင့်အဘွားဖြစ်သူ၏ နေအိမ်ဘေးချင်းကပ်အိမ်မှ အမျိုးသမီးတစ်ဦးက ကလေးငယ်အား ခေါ်ယူကာဖွက်ထားခဲ့သည့်အတွက် ရက်အတန်ကြာ ပျောက်ဆုံးနေခဲ့ရာမှ အဆိုပါ အမျိုးသမီး၏ မိသားစုဝင်များက သတင်းပေးခဲ့သည့်အတွက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

လက်ရှိပျောက်ဆုံးနေသည့် မောင်ကောင်းမြတ်သူအား တွေ့ရှိပါက ကလေးမိဘများ၏ တယ်လီဖုန်းနံပါတ် 09770087407 နှင့် 09941756544 တို့ထံ ဆက်သွယ်အကြောင်းကြားပေးကြရန်လည်း ကလေးငယ်၏ မိဘများက မေတ္တာရပ်ခံ တောင်းဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here