ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများတွင် အလုပ်ရမည်ဟုဆိုကာ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်

0
303

ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန်ဟုဆိုကာ စည်းရုံးခံရပြီးနောက် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား (၂၁) ဦးအနက် ဒုတိယအသုတ်အဖြစ် (၁၀)ဦးအား ယမန်နေ့ကမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား (၂၁) ဦးသည် လုပ်ငန်းခွင်တွင် အဓမ္မခိုင်းစေမှုများကြုံတွေ့ခဲ့ရပြီး ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ ကယ်တင်ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရေးအတွက် မနီလာမြို့၊ မြန်မာသံရုံးမှ ဖိလစ်ပိုင်နိုင်ငံ၊ တရားရေးဝန်ကြီးဌာန လက်အောက်ရှိ Inter-Agency Council Against Trafficking (IACAT) ဌာနအပါအဝင် သက်ဆိုင်ရာဌာနများ၊ International Organization for Migration (IOM)၊ International Justice Mission တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံသား(၁၀)ဦးအား ဒုတိယအသုတ်အဖြစ် ဖေ‌ဖော်ဝါရီလ ၂၄ ရက်တွင် ပြန်လည်ပို့ဆောင်ခဲ့ပြီးမြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး တာဝန်ရှိသူများမှ မနီလာမြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား (၂၁) ဦးအနက် (၄) ဦးကို ပထမအသုတ်အဖြစ် ဖေဖော်ဝါရီလ ၁၅ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ကျန်ရှိနေသည့် မြန်မာနိုင်ငံသား(၇)ဦးကို ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာသံရုံးမှ သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ညှိနှိုင်း၍ ဆောလျင်စွာ ပြန်လည်ပို့ဆောင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here