ထိုင်းနိုင်ငံတွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀၁ ဦးဖမ်းဆီးရမိခဲ့ရာ မ​လေးရှားသွားဖို့​စောင့်​နေသူများဟုဆို

0
208

မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ပွဲစားဖြစ်သူလာခေါ်မည့်အချိန်အားစောင့်ဆိုင်းနေသည့် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀၁ ဦးအား ထိုင်းနိုင်ငံ၊စုန်ခလာခရိုင်၌ ဖေဖော်ဝါရီ ၂၄ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

စုန်ခလာခရိုင်၊ဟတ်ယိုင်မြို့၊ထုတမ်စောင်ကျေးရွာရှိ လမ်းဘေးတွင် တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံသားများအားတင်ဆောင်လာသည့် ကုန်တင်ကားကြီးတစ်စီးရပ်ထားကြောင်း သတင်းအရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ကုန်တင်ကားကြီးအတွင်း၌ မလေးရှားနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ရန် ပွဲစားလာခေါ်မည့်အချိန်အားစောင့်ဆိုင်းနေသည့် တရားမဝင်ဝင်ရောက်လာသော မြန်မာနိုင်ငံသား အမျိုးသား ၈၂ ဦးနှင့်အမျိုးသမီး ၁၉ ဦး(စုစုပေါင်း ၁၀၁ ဦး)တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ ကုန်တင်ကားမောင်းသူ ၂ ဦးကိုလည်းဖမ်းဆီးရမိခဲ့ပြီး ကုန်တင်ကားအား စစ်ဆေးရာ မြန်မာနိုင်ငံသားများအား တင်ဆောင်လာစဥ်အလေးအပေါ့သွားရန် သဲများခင်းထားသည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ကုန်တင်ကားမောင်းသူ ၂ ဦးအား စစ်ဆေးရာ မြန်မာနိုင်ငံသားများအား မလေးရှားနိုင်ငံသို့ပို့ဆောင်ပေးရန် ပရာကျွတ်ခီရီခမ်ခရိုင်မှသွားရောက်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ကုန်တင်ကားမောင်းသူ ၂ ဦးနှင့်တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here