မကွေးတိုင်းအတွင်း၌ ရေအားကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အား ၁၉၀ မဂ္ဂါဝပ်၊သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ်၊နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂါဝပ်(စုစုပေါင်း ၄၁၀ မဂ္ဂါဝပ်)ခန့်ထုတ်လုပ်ကာ နိုင်ငံတော်ဓါတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိနေသည်။
မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်မှ ဖေဖော်ဝါရီ ၂၄ ရက်နံနက် ၁၀ နာရီက အောင်လံမြို့ ကျောက်ပန်းတောင်းကျေးရွာရှိ ကျောက်ပန်းတောင်း ဓာတ်အားခွဲရုံဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၁၆၀ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်နိုင်ရန်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်အကူအညီများကို တိုင်းအစိုးရအဖွဲ့မှ ပံ့ပိုးပေးလျက်ရှိကြောင်းသိရသည်။
“နိုင်ငံတစ်နိုင်ငံ၊မြို့တစ်မြို့၊ကျေးရွာတစ်ရွာဖွံ့ဖြိုးတိုးတက်ရေးမှာ လျှပ်စစ်မီးရရှိရေးဟာ အလွန်အရေးကြီးပါတယ်။နိုင်ငံတော်အနေဖြင့် ပြည်သူများလျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း” မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်ကပြောကြားခဲ့သည်။