ပိုက်ဆံအိတ်လုခံရ၍ ဆိုင်ကယ်ဖြင့်ပြန်လိုက်ရာမှ ကားနှင့်တိုက်မိပြီး အလုခံရသူအမျိုးသမီး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိ

0
207

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့တွင် ပိုက်ဆံအိတ်လုခံရ၍ ဆိုင်ကယ်ဖြင့်ပြန်လိုက်ရာမှ ကားဖြင့်တိုက်မိပြီး အမျိုးသမီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့မှု ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းကဖြစ်ပွားခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသားများက စကူဖီဆိုင်ကယ်စီးလာသည့် အမျိုးသမီး ၂ ဦးထံမှပိုက်ဆံအိတ်အားလုယူ၍ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ အမျိုးသမီး ၂ ဦးမှ နောက်မှလိုက်လံဖမ်းဆီးရာ သစ်တောလမ်းနှင့်သိင်္ဂါလမ်းထောင့်အရောက် အရှိန်မထိန်းနိုင်ဘဲ ကားနှင့်မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။

“ပိုက်ဆံအိတ်လုခံရတဲ့အမျိုးသမီး ၂ ယောက်ကပြန်လိုက်ရင်းနဲ့ ပိန္နဲရိပ် ခေါက်ဆွဲဆိုင်နားအရောက်မှာ ကားနဲ့တိုက်မိသွားတာ တစ်ယောက်ကတော့ ဒဏ်ရာပြင်းတယ် တစ်ယောက်ကတော့ ဘာမှသိပ်မဖြစ်ဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် စကူဖီဆိုင်ကယ်စီးလာသည့် အမျိုးသမီး ၂ ဦးအနက် အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသမီး၏ ဦးခေါင်းနှင့်ပေါင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here