တရားမဝင်ရွှေပြောင်းများ သယ်လာသော သင်္ဘောနစ်မြုပ်ရာလူ ၅၉ ဦးထက်မနည်း သေဆုံး

0
181

တရားမဝင်‌ရွှေ့ပြောင်းနေထိုင်သူများကို တင်ဆောင်လာသော လှေတစ်စင်းသည် ဖေဖော်ဝါရီလ ၂၆ ရက် တနင်္ဂနွေနေ့တွင် အီတလီနိုင်ငံ ကာလာဘရီယာ ဒေသရှိ ကရိုတိုနေးမြို့အနီးသို့ ကမ်းကပ်ရန် ကြိုးပမ်းစဉ် ကျောက်ဆောင်တစ်ခုနှင့် တိုက်မိခဲ့သဖြင့် ပျက်စီးနစ်မြုပ်ခဲ့ရာ ကလေး ၁၂ ဦး အပါအဝင် လူ ၅၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ လှေသည် အာဖဂန်နစ္စတန်၊ အီရန်၊ ပါကစ္စတန်နှင့် ဆိုမာလီယာနိုင်ငံများမှ ခရီးသည်များကို တင်ဆောင်ကာ တုကီယေးနိုင်ငံမှ ရက်အတော်ကြာ ရွက်လွှင့်လာခဲ့ပြီးနောက် ယခုကဲ့သို့ ပျက်စီးနစ်မြုပ်သွားခြင်းဖြစ်သည်။

လူ ၈၁ ဦး အသက်ရှင်လွတ်မြောက်ခဲ့ပြီး ၂၀ ဦးကိုမူ ဆေးရုံးတင်ထားရသည်။ လူအယောက် ၂၀ မှ ၃၀ အထိ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်သည်ဟု မတော်မဆဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှုခဲ့သည့် အီတလီပြည်ထဲရေးဝန်ကြီး မာတဲယို ပီရန်တဲဒိုဇီက ပြောခဲ့သည်။

ထိုလှေပေါ်တွင် ခန့်မှန်းခြေအားဖြင့် ရွှေ့ပြောင်းနေထိုင်သူ ၁၇၀ ဦးကျော် လိုက်ပါလာကြောင်း ကုလသမဂ္ဂ၏ အေဂျင်စီနှစ်ခုက ပူးတွဲကြေညာချက်တွင် ထုတ်ပြန်ထားသည်။

အသက်ရှင်လွတ်မြောက်လာသူများထဲမှ တစ်ဦးကိုမူ ရွှေ့ပြောင်းနေထိုင်သူများအား လူကုန်ကူးခြင်းဟူသော စွဲချက်ဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။

လှေနစ်မြုပ်ရခြင်း၏ အကြောင်းရင်းများတွင် တင်ဆောင်နိုင်သော ဝန်ထက်ပို၍ တင်ဆောင်ခဲ့ခြင်းနှင့် ရာသီဥတုဆိုးရွားမှုနှင့် ကြုံတွေ့ခဲ့ရခြင်းတို့ကြောင့်လည်း ပါဝင်သည်။

Source: ABC.NET


LEAVE A REPLY

Please enter your comment!
Please enter your name here