ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ရင်ဆိုင်နေရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြား

0
255

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်နေရကြောင်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဖေဖေါ်ဝါရီ (၂၆) ရက်ကစစ်တွေတပ်နယ်ရှိ တပ်မတော်သားများနှင့်တွေ့ဆုံစဉ်ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုအခက်အခဲဖြစ်ပေါ်လျက်ရှိသည့်နည်းတူ မိမိတို့နိုင်ငံ၌လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုကို တွေ့ကြုံရလျက်ရှိနေတာပဲ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း၌ သဘာဝသယဇံဇာတနှင့် လူသားရင်းမြစ်များစွာရှိသော်လည်း စဉ်ဆက်မပြတ်ကြိုးစားလိုစိတ်နှင့် အလုပ်လုပ်လိုမှု အားနည်းခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေရကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိကာလအတွင်း မြန်မာနိုင်ငံအတွင်း ဆန်ဈေးနှုန်းနှင့် စားသုံးဆီဈေးနှုန်း အပါအဝင် အခြေခံစားသောက်ကုန် ဈေးနှုန်းများလည်း ကြီးမြင့်နေပြီး ပြည်သူလူထုအနေဖြင့် အထွေထွေ အကြပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေရဆဲအခြေအနေဖြစ်သည်။

ပြီးခဲ့သည့် လပိုင်းအတွင်း ပြည်တွင်း ဆန်ဈေးကွက်တွင်တန်းမြင့်ဆန်ဈေးနှုန်းအပါအဝင် အခြေခံပြည်သူအများစု စားသုံးနေသည့် ဆန်ဈေးနှုန်းများပင် အမျိုးအစားအလိုက် စံချိန်တင်မြင့်တက်ခဲ့ပြီး အစိုးရ၏ ဆန်ဈေးနှုန်း ထိန်း​ကြောင်းရန် ကြိုးပမ်းမှုသည်လည်း များစွာမထိ​ရောက်သေးပေ။

အဆိုပါ ဆန်ဈေးမြင့်တက်မှုနှင့် ပတ်သက်၍ ဆန်အသင်းနှင့် နီးစပ်သူများ၏ အဆိုအရ မီးပုံမှန်မလာသည့်အတွက် ဆန်စက်များ ကြိတ်ခွဲစရိတ်ကြီးမြင့်မှု‌သည် အကြောင်းရင်းတစ်ရပ်အ​နေဖြင့်ပါဝင်သလို ပြည်ပဆန်တင်ပို့မှုကို တိုးမြှင့်လုပ်ဆောင်နေခြင်းကလည်း အကြောင်းအရင်း တစ်ရပ်အဖြစ်ရှိနေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်၍ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့က ထည့်သွင်း ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here