ကရင့်မြေပေါ်က လောင်းကစားလုပ်ငန်းများနှင့် တရားမဝင် ရာဇဝတ်လုပ်ငန်းများ လျော့နည်းပပျောက်သွားရေး လုပ်ဆောင်သွားမည်ဟု KNU ပြော

0
185

တရားမဝင် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရန် ရည်ရွယ်တည်ဆောက်သည်ဟု သတင်းထွက်နေသည့် မော်ထိုတလေးမြို့သစ်စီမံကိန်းတွင် KNU ဗဟိုကော်မတီဝင် ပဒိုစောရောဂျာခင် ပါဝင်သတ်သက်နေသည်ဆိုသည့် အငြင်းပွားမှုနှင့် ပတ်သက်၍ ဖေဖေါ်ဝါရီ ၂၆ ရက် ရက်စွဲဖြင့် KNU ဘက်က ထုတ်ပြန်လာခြင်း ဖြစ်သည်။

အဆိုပါ မြို့သစ်စီမံကိန်းကို ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီ (၁၇) ရက်တွင် အုတ်မြစ်ချအခမ်းအနားကျင်းပခဲ့ရာ ပဒိုစောရောဂျာခင်က ဒေသခံ ကရင်လူထုကိုယ်စား အသိသက်သေအဖြစ် တက်ရောက်ခဲ့ခြင်းသာဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါ အငြင်းပွားမှုနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းရှိ ကရင်လူမှုရေးအဖွဲ့အစည်း (၆၈)ခုတို့က လက်မှတ်ရေးထိုးကာ KNU ဗဟိုကော်မတီတစ်ဖွဲ့လုံး နှုတ်ထွက်ပေးရန် တောင်းဆိုထားပြီးလည်း ဖြစ်သည်။

အဆိုပါ တောင်းဆိုမှုနှင့် ပတ်သက်၍လည်း လိုအပ်ပါက တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နိုင်ကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုတာတိုမှူးက ယမန်နေ့ ရက်စွဲဖြင့် စာတစ်‌စောင်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

KNU အနေဖြင့် မော်ထိုတလေးမြို့သစ်စီမံကိန်း အပါအဝင် အလားတူ စီမံကိန်းမျိုးများနှင့် မည်သို့မျှ ပတ်သက်ဆက်နွယ်ခြင်းမရှိဘဲ တရားမဝင်လောင်းကစားလုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းနှင့် ရာဇဝတ်မှုနှင့်မကင်းသည့် အခြားသော လုပ်ငန်းများ ကရင်ပြည်နယ်အတွင်း လုပ်ကိုင်နေသည်ကို လက်မခံကြောင်း ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်လာသည့် ‌KNU ဗဟိုအလုပ် အမှုဆောင်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် KNU အဖွဲ့ဝင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆိုပါ လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်း ၊ အထောက်အကူပေးခြင်းတို့ကို တားမြစ်ထားကြောင်းလည်းအသိပေးဖော်ပြထားသည်။

ကရင်ပြည်နယ်အတွင်း လုပ်ကိုင်နေသည့် လောင်းကစားလုပ်ငန်းများသည် ဒေသခံ လူထု၏ ဘဝကို ဆိုးဝါးပြင်းထန်စွာ ဒုက္ခပေးနိုင်သည့် လုပ်ငန်းများအဖြစ် အခိုင်အမာယုံကြည်သည့်အပြင် အဆိုပါ လုပ်ငန်းများ ပပျောက်သွားရေးကို လိုလားကြောင်းလည်း ၎င်းတို့၏ သဘောထားကို ‌ထုတ်ဖော်ပြောဆိုထားသည်။

KNU အနေဖြင့် ကရင်ပြည်နယ်နှင့် ဒေသအတွင်း တရားမဝင် လောင်းကစားလုပ်ငန်းများ လျော့နည်းပပျောက်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ တရားဥပဒေစိုးမိုးမှု ထိန်းသိမ်းရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ကြိုးပမ်းသွားမည်ဟုလည်း ပြောကြားထားသည်။

မြဝတီမြို့ တောင်ဘက်ရှိ မော်ထိုတလေးမြို့သစ်စီမံကိန်းကို ထိုင်းအခြေစိုက် Trans – Asia international Holding Group Co.Ltd နှင့် ကရင်ဒေသခံကုမ္ပဏီတစ်ခုဖြစ်သည့် မုလအိအလင်း ကုမ္ပဏီတို့ ပူးပေါင်းကာ ကနဦးလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း မုလအိအလင်း ကုမ္ပဏီမှ နှုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လစ်လပ်သွားသည့် ကုမ္ပဏီနေရာတွင် Trust Star Co.Ltd က ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here