ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ယမန်နှစ်ထက် ၄၅ သန်းကျော်လျော့ကျ

0
189

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၆၃ ဒသမ ၂၄ သန်းကျော်ရရှိခဲ့ပြီး ယမန်နှစ်ထက် ၄၅ သန်းကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၀၉ သန်းကျော် ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ရောဂါအခြေအနေများကြောင့် တရုတ်ဘက်မှ နယ်စပ်ဂိတ်များ ပိတ်ထားသည့်အတွက် မြန်မာ့ရေထွက်ကုန်တင်ပို့မှုသည် ကျဆင်းခဲ့ကြောင်း၊ ယခုအခါ တရုတ်ဘက်မှ နယ်စပ်ဂိတ်များပြန်ဖွင့်ပေးလိုက်သည့်အတွက် ရေထွက်ကုန်များကို ယခင်ထက်တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

လက်ရှိမြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ငါး၊ ပုစွန်အပါအဝင် ရေထွက်ကုန်ပစ္စည်း တင်ပို့နေသည့် ပမာဏသည် အိမ်နီးချင်းနိုင်ငံများမှ တင်ပို့နေသောပမာဏနှင့် နှိုင်းယှဉ်ပါက အလွန်နည်းနေကြောင်း၊ ယခု တင်ပို့မှုပမာဏကို မြှင့်တင်ရာတွင် သဘာဝမှ ဖမ်းဆီးရောင်းချခြင်းထက် မွေးမြူရေးစနစ်များ ကောင်းမွန်အောင်ဆောင်ရွက်၍ တင်ပို့သင့်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ငါးနှင့်ပုစွန် မွေးမြူသည့် ကန်ပေါင်း (၄၈၀,၀၀၀) ရှိသည့်အပြင် အအေးခန်းသိုလှောင်ရုံပေါင်း (၁၂၀) ကျော်ရှိကြောင်း၊ ပြည်ပသို့ ငါးတင်ပို့မှုတွင် ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်စသည့်အမျိုးအစား ၂၀ ကျော် တင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here