တရုတ်နှင့် အိန္ဒိယမှ အဝယ်လိုက်နေခြင်းကြောင့် ကုလားပဲဈေးနှုန်းမြင့်တက်လာ

0
321

မန္တလေးကုန်စည်ဒိုင်ဈေးကွက်အတွင်း ပဲမျိုးစုံအရောင်းအဝယ်ဖြစ်နေပြီး ကုလားပဲအုပ်စုအနေဖြင့် ပြည်တွင်းသုံးစွဲမှုမြင့်မားလာကာ၊ ပြည်ပပို့ကုန် သမားများ ဝယ်ယူနေခြင်း၊ ပြည်တွင်းပဲခွဲစက်များ အဝယ်လိုက်နေခြင်း၊ ပို့ကုန်ပဲများကို တရုတ်နှင့် အိန္ဒိယမှ ဝယ်ယူနေခြင်းကြောင့် ဈေးမြင့်လာခြင်းနှင့်အတူ ပြည်တွင်းသုံးပဲများလည်း ဈေးကောင်း ရနေကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

အဆိုပါ ဈေးကွက်အတွင်း ကုလားပဲဖြူလုံးကြီး(V-2) ၅၆ ဒသမ ၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၈၈၀၀၀ ဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်တွင်ကျပ် ၁၈၅၀၀၀ မှ ၁၈၆၀၀၀၊ ယခင်လတွင်ကျပ် ၁၈၄၀၀၀ မှ ၁၈၅၀၀၀ ရှိကြောင်း သိရသည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀ မှ ၃၀၀၀၊ ယခင်လထက်ကျပ် ၃၀၀၀ မှ ၄၀၀၀ မြင့်တက်လာခြင်း ဖြစ်သည်။

ကုလားပဲ(ထိုင်ဝမ်) ၅၇ ဒသမ ၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၁၈၂၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၇၇၀၀၀၊ ယခင်လကျပ် ၁၆၈၀၀၀ ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀၊ ယခင်လကျပ် ၁၄၀၀၀ မြင့်တက်လာခဲ့သည်။

ကုလားပဲ(929) ၅၆ ဒသမ ၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၁၈၀၅၀၀၊ ယခင်တစ်ပတ်ကျပ် ၁၈၁၀၀၀၊ ယခင်လကျပ် ၁၇၁၀၀၀ မှ ၁၇၂၀၀၀ ဖြစ်ခဲ့ကာ ယခင်တစ်ပတ် ထက်ကျပ် ၅၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၈၅၀၀ မှ ၉၅၀၀ မြင့်တက်လာကြောင်း၊ ကုလားပဲဖြူလုံးကြီး(V-7) ၅၇ ဒသမ ၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၁၈၆၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၈၅၀၀၀ မှ ၁၈၆၀၀၀၊ ယခင်လကျပ် ၁၈၇၀၀၀ ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက်ကျပ် ၁၀၀၀ နိမ့်ကျလာကြောင်းကုန်စည်ဒိုင်ဈေးကွက်အတွင်းမှ သိရသည်။

ပြည်ပသို့ မတ်ပဲ၊ပဲတီစိမ်း ၊ ပဲတီစိမ်းလုံးခြမ်း ၊ ပဲစဉ်းငုံ ၊ ကုလားပဲ ၊ ပဲလွန်းဖြူ ၊ မြေထောက်ပဲ ၊ ထောပတ်ပဲ ၊ ပဲယင်း ၊ ပဲကြီး ၊ ပဲကတ္တီပါ(စွန်တာနီ) ၊စွန်တာပြာ ၊ ပဲကတ္တီပါ(စွန်တာနီ/ပြာ) ၊ ပဲဖြူလေး ၊ ဘိုကိတ်ပဲ ၊ပဲပုတ်စေ့ ၊ ပဲနီကြား ၊ နိုင်လွန်ပဲ ၊ မြေပဲ(အခွံပါ) ၊ မြေပဲဆံ နှင့် အခြားပဲအမျိုးမျိုးကို တင်ပို့နေပြီး မတ်ပဲတင်ပို့မှုသည်အများဆုံးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here