တာချီလိတ်မြို့ USDP ပါတီရုံးအနီး၌ လက်လုပ်ဗုံးများပေါက်ကွဲ၍ပြည်သူ ၇ ဦးဒဏ်ရာရ

0
258

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊မကာဟိုခမ်းရပ်ကွက်ရှိ USDP ပါတီရုံးအနီးတွင် ဖေဖော်ဝါရီ ၂၇ ရက်ညပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ည ၉ နာရီခွဲခန့်မှစတင်ကာ တာချီလိတ်မြို့၊မကာဟိုခမ်းရပ်ကွက်ရှိ USDP ပါတီရုံးအနီး၌ အသံဗုံးတစ်လုံးစတင်ပေါက်ကွဲခဲ့ပြီးနောက် မိနစ်ပိုင်းသာခြား၍ လက်လုပ်ဗုံး ၃ လုံးထပ်မံပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ပထမပေါက်တဲ့ဗုံးက အသံဗုံးပါ ပေါက်ကွဲတဲ့ဖြစ်စဥ်ကိုစစ်ဆေးနေချိန်မှာထပ်ပေါက်တယ် အဲဒီနားမှာပဲ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကိုလုံခြုံရေးအဖွဲ့တွေက ရှာတွေ့ပြီးဖယ်ရှားရှင်းလင်းနိုင်ခဲ့ပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်စဥ်များတွင် ပြည်သူ ၇ ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက အရေးပေါ်ပြုစုကုသမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

“ဗုံးစထိတဲ့ ၇ ယောက်ကစိုးရိမ်စရာတော့မရှိပါဘူး အမျိုးသား ၆ ယောက်နဲ့အမျိုးသမီး ၁ ယောက်ပါ အဲဒီထဲကမှ ၃ ယောက်ကိုတော့ တာချီလိတ်ဆေး ရုံပို့ပေးထားပါတယ် ဖြစ်စဥ်တွေကို လုံခြုံရေးအဖွဲ့တွေက အသေးစိတ်စစ်ဆေးနေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ထို့ပြင် ည ၁၁ နာရီခန့်တွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် USDP ပါတီရုံးအနီး၌ပင် လက်လုပ်ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့ပြီး ယင်းဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ရှိ/မရှိအား သိရှိရခြင်းမရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here