ယခုဖြစ်ပွားနေသောကြက်ငှက်တုပ်ကွေးသည် လူလူချင်းမကူးစက်နိုင်ဟုကမ္ဘောဒီးယားပြောကြား

0
145

ဖနွမ်းပင်၊မတ် ၁

ကမ္ဘောဒီးယား၌ဖြစ်ပွားနေပြီး အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ရသည့် ကြက်ငှက်တုပ်ကွေးရောဂါသည် လူလူချင်းကူးစက်နိုင်ခြေမရှိဟု ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ကမ္ဘောဒီးယားအရှေ့တောင်ပိုင်းရွာတစ်ရွာမှ အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးသည် ကြက်ငှက်တုပ်ကွေးရောဂါဖြင့်သေဆုံးသွားပြီးနောက် ၎င်း၏ဖခင်သည်လည်း ရောဂါပိုးရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ယင်းနောက်၎င်းအားဆေးရုံသို့ပို့ဆောင်ခဲ့ကာ ကုသမှုခံယူစေခဲ့ပြီး ရောဂါကင်းရှင်းကြောင်းသုံးခါစစ်ဆေးတွေ့ရှိပြီးနောက် နေရပ်သို့ပြန်ပို့ပေးခဲ့သည်။

အဆိုပါသားအဖမှလွဲ၍ ကျန်သူများအားစစ်ဆေးရာ၌ ရောဂါမတွေ့ရသဖြင့် ကြက်ငှက်များမှတစ်ဆင့်၎င်းတို့နှစ်ဦးထံသာ ကူးစက်ခဲ့ခြင်းဖြစ်မည်ဟုယူဆကြသည်။ကြက်ငှက်တုပ်ကွေးသည် အများအားဖြင့် ကြက်၊ငှက်များအချင်းချင်းသာကူးစက်လေ့ရှိပြီး ရံဖန်ရံခါတွင်လူများသို့လည်းကူးစက်နိုင်သည်ဟုဆိုသည်။

ကမ္ဘောဒီးယား၌ဖြစ်ပွားနေသော ကြက်ငှက်တုပ်ကွေးသည် ယခင်ကမ္ဘာအနှံ့ဖြစ်ပွားခဲ့ဖူးသော ကြက်ငှက်တုပ်ကွေးနှင့်မတူဘဲ နောက်အမျိုးအစားတစ်မျိုးဖြစ်သည်ဟုလည်း တာဝန်ရှိသူများ၏ပြောကြားချက်အရသိရသည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here