ထိုင်းနိုင်ငံ၌ပြုလုပ်နေသည့် “Cobra Gold” စစ်ရေးလေ့ကျင့်မှု၌ အမေရိကန်စစ်သားတစ်ဦးသေဆုံး

0
319

ထိုင်းနိုင်ငံ၌ကျင်းပပြုလုပ်နေသည့် “Cobra Gold” စစ်ရေးလေ့ကျင့်မှု၌ ပါဝင်နေသည့်အမေရိကန်စစ်သားတစ်ဦးသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ စစ်ရေးလေ့ကျင့်ရေးစခန်းမှ ရေချိုးခန်းအတွင်း၌သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်းသိရသည်။

အဆိုပါစစ်သားသေဆုံးနေသည့် အမှတ် (၃၁) ခြေလျင်တပ်ရင်းသို့ တာဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့ရာ ၎င်း၏ခေါင်း၌ဒဏ်ရာရထားသည်ကိုတွေ့ရှိရသည်ဟုဆိုသည်။သေဆုံးသူသည်မည်သူမည်ဝါဖြစ်သည်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုတာဝန်ရှိသူများက မပြောကြားဘဲသေဆုံးရသည့် အကြောင်းနှင့်ပတ်သက်၍သံသယဖြစ်စရာများကိုပါထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပေ။

ထိုင်းမီဒီယာများကမူ အဆိုပါစစ်သားသည် ရေချိုးခန်းအတွင်းလဲကျကာ ဦးခေါင်းကွဲသေဆုံးခြင်းမျိုးဖြစ်နိုင်သည်ဟုဖော်ပြကြသော်လည်း အတည်ပြုနိုင်ရန်ရင်ခွဲစစ်ဆေးမှုရလဒ်အားစောင့်ဆိုင်းနေဆဲဖြစ်သည်ဟုဆိုသည်။

“Cobra Gold” စစ်ရေးလေ့ကျင့်မှုသည် နိုင်ငံပေါင်း ၃၀ ကျော်မှတပ်ဖွဲ့များပါဝင်သည့် အာရှ၏အကြီးဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးတစ်ခုလည်းဖြစ်သည်။ ၄၂ ကြိမ်မြောက်ယခုစစ်ရေးလေ့ကျင့်မှုအား အင်္ဂါနေ့ကစတင်ခဲ့ပြီး မတ်လ ၁၀ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ယခုနှစ်စစ်ရေးလေ့ကျင့်မှု၌ အမေရိကန်တပ်ဖွဲ့ဝင် ၆,၀၀၀ ကျော်ပါဝင်ခဲ့ပြီး ထိုင်းတပ်ဖွဲ့ဝင် ၃,၀၀၀ ကျော်ပါဝင်သည်ဟုလည်းသိရသည်။အမေရိကသည် ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း တပ်ဖွဲ့ဝင်ပါဝင်မှုအားတိုးမြှင့်လိုက်ကာ တရုတ်၏အင်အားကြီးမားလာမှုအတွင်း ထိုင်းနိုင်ငံနှင့် ခိုင်မာသောမဟာမိတ်ဆက်ဆံရေး ထူထောင်လိုခြင်းမျိုးလည်းဖြစ်နိုင်သည်ဟုဆိုသည်။

Source : The Thaiger


LEAVE A REPLY

Please enter your comment!
Please enter your name here