လူငယ်မျိုးဆက်သစ်များ ထွက်ပေါ်လာရေးအတွက် U 15 League ကျင်းပမည်

0
304

မြန်မာ့လူငယ်မျိုးဆက်သစ်များ ထွက်ပေါ်လာရေးအတွက် U 15 League ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

 ယနေ့ (မတ်လ ၂ရက်) နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အစည်းအဝေး (၁/၂၀၂၃)တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ လမ်းညွှန်ချက်များအတိုင်း FIFA-MFF U15 Youth League 2023 အား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိက ဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။

အဆိုပါ ပြိုင်ပွဲအား တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ မြို့နယ်များမှ ယူ- ၁၅ အမျိုးသား အသင်းများ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး အသင်းတစ်သင်းချင်းစီ အတွက် ထောက်ပံ့ကြေးများ ပေးအပ်ရေး၊ လူငယ်လိဂ်ပြိုင်ပွဲအား စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျ ကျင်းပရေး၊ ပရိသတ်များ အားပေးနိုင်ရေး အတွက် တိုက်ရိုက်ထုတ်လွှင့်မှု စီစဉ်ဆောင်ရွက်ရေးနှင့် သတင်းအချက်အလက်များ ထုတ်ပြန်ရေး၊ ထူးချွန်သည့် ကစားသမားများအား Scouting Team ထားရှိပြီး သက်တမ်းအလိုက် မြန်မာ့ လက်ရွေးစင် အသင်းများအတွက် ရွေးချယ်နိုင်ရေး အစရှိသည်တို့ကို ယနေ့အစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် FIFA-MFF U15 Youth League 2023 ပြိုင်ပွဲကျင်းပရေး အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ မြို့နယ်များမှ အသင်းများအား မကြာမီအချိန်အတွင်း ဖိတ်ခေါ်သွားမည်ဟုဆိုသည်။ 

အသင်းများ မှတ်ပုံတင် ဝင်ခွင့်လျှောက်ထားခြင်း၊ အသင်းဝင် အရေအတွက် သက်မှတ်ချက်ထက် ကျော်လွန်နေပါက ခြေစစ်ပွဲများ ကစားခြင်း၊ အသက်မှန်ကန်မှု စစ်ဆေးခြင်းနှင့် အသင်းတစ်သင်းတွင် ထားရှိရမည့် သက်မှတ်စံနှုန်းများ၊ အုပ်ချုပ်နည်းပြအဖွဲ့များ ဖွဲ့စည်းခြင်း အစရှိသည်တို့အတွက်လည်း သတင်းအချက်အလက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here