မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ကန်ဆွယ်ကျေးရွာတွင် တောင်ယာလုပ်ကိုင်သူတစ်ဦး မတ် ၂ ရက်နံနက်ပိုင်းက နေအိမ်၌သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
ယမန်နေ့နံနက် ၉ နာရီကျော်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၅ ဦးမှ မြင်းခြံမြို့နယ်၊ကန်ဆွယ်ကျေးရွာနေ တောင်ယာလုပ်ကိုင်သူ ကိုစိန်မန်း(ခ)ကိုငယ်(၃၁)နှစ်၏ နေအိမ်သို့ရောက်ရှိလာခဲ့ကြသည်။
ထို့နောက် နေအိမ်၌ရှိနေသည့် ကိုစိန်မန်း(ခ)ကိုငယ်အား သေနတ်ဖြစ်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြရာ ကိုစိန်းမန်း(ခ)ကိုငယ်မှာ ဦးခေါင်းငယ်ထိပ်တွင်ကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“သေဆုံးသွားတဲ့လူက တောင်ယာလုပ်ငန်းလုပ်တဲ့လူပါ။ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များကစစ်ဆေးရာ USA-380 Auto ကျည်ခွံ ၁ ခုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လူသတ်မှုများ၏အကြောင်းရင်းများမှာ ကွဲပြားနိုင်သော်လည်း လူတွေ၏ စိတ်ခံစားမှု ထိမ်းချုပ်နိုင်စွမ်းလျော့လာသောကြောင့်သာ ဖြစ်ရပ်ဆိုးများ ကြားသိနေရခြင်းဖြစ်သည်။အသက်ကိုရင်း၍ သွားလာ နေရသောသူများအဖြစ်ကနေ အသက်အာမခံရှိသော အခြေအနေတရပ်ဆီသို့ အားလုံး၏ နှစ်သိမ့်ဆွေးနွေးအကြံပြုခြင်းများ၊အခြေအနေကောင်းများဝိုင်းဝန်းတည်ဆောက်ဖို့လိုအပ်နေဆဲဖြစ်သည်။