စာကြည့်တိုက်တစ်တိုက်အောင်မြင်ရန်အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်

0
141

စာကြည့်တိုက်တစ်တိုက်အောင်မြင်စေရေးအတွက် တိုင်းအစိုးရတစ်ခုတည်းမှဆောင်ရွက်၍မရနိုင်သဖြင့် အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းကပြောကြားခဲ့သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီက ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များနှင့်အကျဉ်းဦးစီးဌာနရှိစာကြည့်တိုက်များသို့ မတ် ၁ ရက်မွန်း လွဲ ၁ နာရီက ဒုတိယအကြိမ်စာအုပ်စာစောင်များလှူဒါန်းပေးအပ်လှူဒါန်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်မှူး ၁ဝဝ ဦးကို အခြေခံစာကြည့်တိုက်ပညာသင်တန်းနှစ်ကြိမ်ဖွင့်လှစ်၍ စာကြည့်တိုက်ပညာများသင် ကြားပေးခဲ့ပြီး စာကြည့်တိုက် ၁၂ဝ အတွက် ငွေကျပ်သိန်း ၁၁ဝ တန်ဖိုးရှိ စာအုပ်၊စာစောင်များကို ပထမအကြိမ်လှူဒါန်းပေးခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

စာကြည့်တိုက်တစ်တိုက်အောင်မြင်ရန် တိုင်းအစိုးရတစ်ခုတည်းမှ ဆောင်ရွက်၍မရနိုင်သဖြင့် သက် ဆိုင်ရာစာကြည့်တိုက်ကြီးကြပ်ရေးကော်မတီများ ၊ရပ်ကွက်/ကျေးရွာစာကြည့်တိုက်ကော်မတီများ၊စာကြည့်တိုက်မှူးများ၊စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်သည်ဟု ဆိုသည်။

ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ စာကြည့်တိုက်များအတွက် ငွေကျပ်သိန်း ၂ဝ တန်ဖိုးရှိစာအုပ် ၄၄၉ အုပ်ကို တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်အကျဉ်းဦးစီးဌာနရှိ စာကြည့်တိုက်အတွက် ငွေကျပ် ၁၀ သိန်းကျော်တန်ဖိုးရှိ စာအုပ် ၅၂၂ အုပ်တို့ကို ပေးအပ်ခဲ့သည်။

ထို့ပြင် တာဝန်ရှိသူများက ရန်ကုန်တိုင်း၏ ခရိုင် ၁၄ ခရိုင်ရှိ စာကြည့်တိုက် ၁၂၀ အတွက် ငွေကျပ်သိန်း ၅၅ဝ တန်ဖိုးရှိ စာအုပ်ပေါင်း ၁၄၀၄၀ အုပ်ကို စာကြည့်တိုက်အသီးသီးမှ တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here