တောင်သူ ၅၆၀၀ ဦးကျော်အား ချေးငွေကျပ် ၂၃၀၀၀၀ သန်းကျော်ထုတ်ချေးထား

0
177

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလကုန်အထိ တောင်သူ ၅၆၀၉ ဦးအား ချေးငွေကျပ် ၂၃၂၀၄၅ ဒသမ ၈၁၈ သန်း ထုတ်ချေးပေးထားကြောင်း သိရသည်။

နေပြည်တော်၊တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၁၈၇ ခုမှ တောင်သူလယ်သမား ၅၆၀၉ ဦးအား ချေးငွေများထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

မတ် ၂ ရက်မွန်းလွဲပိုင်းကပြုလုပ်ခဲ့သည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း၊စီမံကိန်းဦးဆောင်ကော်မတီ၏ (၂၅) ကြိမ်မြောက်အစည်းအဝေးတွင် စီမံဘဏ္ဌာ ဒု-ဝန်ကြီးဦးမောင်မောင်ဝင်းကပြောကြားခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်းအား ၂၀၁၇ ခုနှစ်၊ဇူလိုင်လမှစတင်ကာ အတိုးနှုန်းသက်သာသည့် ချေးငွေအဖြစ် တောင်သူတစ်ဦးချင်းကို ငွေကျပ်သိန်း ၇၀၀ အထိ နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိသည်ဟု ဒု-ဝန်ကြီးကပြောကြားခဲ့သည်။

ထို့ပြင် ချေးငွေရယူလိုသည့် တောင်သူများ၏ တင်ပြလာမှုများကိုစိစစ်၍ စဉ်ဆက်မပြတ်ထုတ်ချေးပေးလျက်ရှိ၍ တောင်သူများ၏ ဝင်ငွေတိုးတက်လာကာ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုသည်ဟုလည်း ဆိုသည်။

ထို့ကြောင့် ချေးငွေအစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာများပါဝင်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အတ္တ၊ပရ မျှတစွာဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here