မိမိတို့တွင်ရှိသော လက်နက်ခဲယမ်းအင်အားထက် Bakhmut မြို့ကိုတိုက်ခိုက်နေသော ရုရှားစစ်သည် အင်အားက ပိုများနေကြောင်း ယူကရိန်းတပ်မှူးပြောကြား

0
356

Bakhmut မြို့တိုက်ပွဲအခြေအနေသည် မိမိတို့ဖက်မှ အထူးစိုးရိမ်ရသော အခြေအနေတွင်ရှိနေပြီး၊ မြို့သိမ်းတိုက်ပွဲဝင်နေသော ရုရှားစစ်သည်တို့မှာ မိမိတို့က ပြန်လည်တိုက်ခိုက်နိုင်သော လက်နက်အင်အားပမာဏထက် ပိုမိုများပြားနေကြောင်း ယူကရိန်းအမျိုးသားလုံခြုံရေးတပ်မှ လက်ထောက်တပ်မှူး Volodymyr Nazarenko က ယူကရိန်းနိုင်ငံပိုင် NV ရေဒီယိုမှ ပြောကြားသည်။

“လက်ရှိအချိန်မှာတော့ တိုက်ပွဲတွေဟာ အချိန်ပြည့်ဖြစ်ပွားနေပါတယ်။ ရုရှားတွေဟာ သူတို့လူတွေ ဘယ်လောက်ကျကျ မမှုပဲ မြို့ကိုသိမ်းဖို့ တိုက်ပွဲဝင်နေကြပါတယ်။ ယူကရိန်းတပ်တွေကလဲ ရန်သူကို တတ်နိုင်သမျှ ဆုံးရှုံးစေရအောင် ကြိုးပမ်းနေပါတယ်”ဟု သူကပြောကြားခဲ့သည်။

“ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ကျန်နေတဲ့ လက်နက်ခဲယမ်းတွေဟာ သူတို့ကို ပြန်တိုက်နိုင်ဖို့ မလုံလောက်တော့ပါဘူး။ အဲဒါကြောင့် လက်နက်ခဲယမ်းတွေ ရနိုင်သလောက် လိုချင်ပါတယ်”ဟုလည်း လက်ထောက်တပ်မှူးက ပြောကြားခဲ့သည်။

ရုရှားတပ်များသည် Bakhmut မြို့ကို အပြည့်အဝဝိုင်းပြီးလုနီးနီးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ယခုတိုက်ပွဲသည် ရုရှား-ယူကရိန်းစစ်ပွဲကာလတစ်လျှောက်တွင် နှစ်ဖက်စလုံးအတွက် အသေအပျောက်အများဆုံးတိုက်ပွဲဖြစ်ကြောင်း သိရသည်။

ယင်းဒေသတွင် ရုရှားဖက်မှ တိုက်ပေးနေသော Wagner Group ၏ ခေါင်းဆောင် Yevgeny Prigozhin ကလည်း “ယူကရိန်းသမ္မတ ဇလန်းစကီးအနေနဲ့ သူ့တပ်တွေကို ဒီကနေ ဆွဲထုတ်ယူဖို့ ကြိုးစားပါတော့”ဟု တိုက်တွန်းပြောကြားခဲ့သည်။

လောလောဆယ်တွင် မြို့ပြင်သို့ထွက်ရန် လမ်းတစ်လမ်းသာ ပွင့်နေပြီး၊ မြို့တွင်းရှိ ယူကရိန်းတပ်များ၏ အဓိက ထောက်ပံ့ရေးလမ်းကြောင်းများနှင့် တံတားများကို ရုရှားတပ်များက လေကြောင်းမှ တိုက်ခိုက်ပိတ်ဆို့ပြီးဖြစ်ကြောင်း CNN သတင်းဌာနက ရေးသားထားသည်။

Bakhmut မြို့တိုက်ပွဲနှင့်ပတ်သက်၍ ယူကရိန်းသမ္မတ ဇလန်းစကီး၏ နောက်ဆုံး ပြောကြားချက် ပေါ်ထွက်မလာသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here