ပအိုဝ်းအမျိုးသားများအနေဖြင့် မဟာလူမျိုးကြီး ဝါဒချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ညီနောင်တိုင်းရင်းသားများနှင့် ပူးပေါင်းကြိုးပမ်းကြရန် PPST အဖွဲ့က တိုက်တွန်းပြောကြားလိုက်သည်။
မတ်လ (၅) ရက်တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အတွက် ပေးပို့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ဦးဆောင်ကော်မတီ (PPST) သဝဏ်လွှာတွင် ယင်းကဲ့သို့ ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။
ပအိုဝ်းအမျိုးသားများအနေဖြင့် အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒချုပ်ငြိမ်းရေး ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး ၊ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ညီနောင်တိုင်းရင်းသားများအပါအဝင် ပြည်သူတစ်ရပ်လုံးနှင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်းလည်း PPST က ပြောသည်။
ထို့အပြင် ပအိုဝ်း လက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တပ်ပေါင်းစုတွင် ပါဝင်ဆောင်ရွက်နေသည့်အပြင် NCA လက်မှတ်ရေးထိုးကာ PPST အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေခြင်းအပေါ် မှတ်တမ်းတင်ကြောင်းလည်း PPST ၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။
အနာဂတ်ကာလတွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရေးတွင် ပအိုဝ်းလူမျိုးများအနေဖြင့် အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်နိုင်ရန် မျက်မှောက်ကာလ၌ ပအိုဝ်းလူငယ်များ တစ်တတ်တစ်အား ပါဝင်ဆောင်ရွက်နေသည်မှာလည်း အားတက်ဂုဏ်ယူစရာပင် ဖြစ်ကြောင်း PPST အဖွဲ့က ချီးမွမ်းပြောဆိုထားသည်။
ပအိုဝ်းအမျိုးသားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အမျိုး၊ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပအိုဝ်းအမျိုးသား ဂုဏ်ရောင်ထွန်းပြောင်ရေးကို ရည်ရွယ်၍ ဗုဒ္ဓမြတ်စွာအား သုဝဏ္ဏဘူမိသို့ ပင့်ဆောင်ခဲ့သည့် သူရိယစန္ဒာ မင်းကြီး၏ မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ရာ ၂၀၂၃ ခုနှစ် မတ်လ (၅) ရက်တွင် (၇၄) နှစ်ပြည့်မြောက်မည်ဖြစ်သည်။