ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာနိုင်ငံသားများလိုက်ပါလာသည့် SUV ကားတာယာကွဲကာတိမ်းမှောက်၊ ၂ ဦးသေဆုံး

0
1306

ထိုင်းနိုင်ငံ၊ဆိုင်ရော့-ကန်ချနဘူရီ ၃၂၃ အဝေးပြေးလမ်းပေါ်တွင် မတ် ၂ ရက်က တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများလိုက်ပါလာသည့် SUV ကားတာယာကွဲကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ရော့-ကန်ချနဘူရီ ၃၂၃ အဝေးပြေးလမ်းပေါ်တွင် SUV ကားတစ်စီးတိမ်းမှောက်ကာ သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သတင်းအရ တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

အခင်းဖြစ်နေရာ၌ SUV ကားသည် တာယာကွဲကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်လျက်ရှိပြီး ကား၏ ရှေ့ဘီးနှင့်နောက်ဘီးတို့မှာ ပြုတ်ထွက်နေကာ အမျိုးသမီးတစ်ဦးအား အခင်းဖြစ်နေရာ၌ သေဆုံးလျက်ရှိပြီး အမျိုးသား၊အမျိုးသမီး ၉ ဦးကို ထိခိုက်ဒဏ်ရာများရရှိထားသည်ကို တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့်သေဆုံးသူ၏ရုပ်အလောင်းတို့အား လူမှုကူညီရေးအသင်းဝင်များက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ဆေးကုသမှုခံယူစေခဲ့ရာ အမျိုးသား ၁ ဦးမှာဆေးကုသမှုခံယူစဥ်ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဥ်နေရာအား တာဝန်ရှိသူများက စစ်ဆေးရာ၌ SUV ကားမောင်းသူနှင့်အခြား ၁၀ ဦးခန့်သည် အခင်းဖြစ်နေရာမှထွက်ပြေးသွားခဲ့ကြသည်ကို ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ကားမောင်းသူအပါအဝင် ၁၁ ဦးခန့်အား ဖမ်းဆီးရမိရေးအတွက် ထိုင်းနိုင်ငံတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here