ဆန်စပါးဥပဒေမူကြမ်းကို ရန်ကုန်နှင့် ပုသိမ်တွင်ဆွေးနွေးခဲ့

0
219

ဆန်စပါးဥပဒေမူကြမ်းကို ရန်ကုန်နှင့် ပုသိမ်တွင်ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

“ ဒီဆွေးနွေးပွဲမှာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံဖို့ ပြည်တွင်းဆန်စပါးဖူလုံဖို့နဲ့ ပြည်ပကိုစနစ်တကျတင်ပို့ဖို့ပေါ့နော်။ ဒီလုပ်ငန်းတွေကို ဥပဒေနဲ့အညီ ကြီးကြပ်ဆောင်ရွက်နိုင်ဖို့အတွက် ဒီဥပဒေပြဋ္ဌာန်းတာပေါ့။ ဥပဒေပြဋ္ဌာန်းတဲ့ကိစ္စကတော့ မလုပ်သေးပါဘူး။ ဥပဒေမူကြမ်းကို ဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနကနေပြီးတော့ မူကြမ်းပြင်ဆင်ထားတာပေါ့။ မူကြမ်းပြင်ဆင်ထားတာကို အဓိကလုပ်ငန်းရှင်တွေပေါ့လေ ၊ နောက်ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ နောက်ဒီဆန်စပါးလေ့လာလိုက်စားတဲ့ ဆန်စပါးကဏ္ဍမှာ အကျွမ်းတဝင်ရှိတဲ့ ပညာရှင်တွေ၊ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ညှိနှိုင်းဆွေးနွေးတာပါ”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောသည်။

မတ်လမှ ဧပြီလဆန်းအထိ စပါးအဓိကစိုက်သည့်ဒေသများတွင် ဆွေးနွေးပွဲတွေကို တောက်လျှောက်ပြုလုပ်သွားမည်ဖြစ်ပြီး မန္တလေး၊ နေပြည်တော်၊ ပြည်၊ ဟင်္သာတ၊ ပဲခူး၊ မော်လမြိုင်၊ စစ်တွေ စသည့်ဒေသများတွင်လည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်စပါးဥပဒေမူကြမ်းတွင် ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးလာရန်ရည်ရွယ်ပြီး ရန်ပုံငွေသီးသန့်ထူထောင်ရန်နှင့် စပါးဈေးများကျလာသည့်အခါ အရန်ဆန် ဝယ်ယူရသည့်အခြေအနေတွင် ငွေကြေး ထည့်ဝင်ရန်အပိုင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ရန်ကုန်မှ အကြံပြုချက် (၂၀) ရရှိခဲ့ပြီး ပုသိမ်တွင်လည်း အကြံပြုချက်များရရှိခဲ့ကြောင်းသိရသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာတွင် နှစ်ရက်တာကျင်းပခဲ့သည့် မြန်မာ့ဆန်စပါးညီလာခံတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ၄၄ ချက်ကိုထုတ်ပြန်ခဲ့ပြီး ယင်းထဲမှ ၄၁ ချက်မြောက်တွင် ဆန်စပါးဥပဒေကိုရေးဆွဲရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here