ပျောက်ဆုံးနေသည့် ကျန်မြန်မာနိုင်ငံသား (၅) ဦးအတွက် ရှာဖွေရေးလုပ်ငန်းများကို ယနေ့အချိန်ထိ ဆက်လက်ရှာဖွေနေ

0
198

ဂျပန်နိုင်ငံ Nagasaki ကမ်းလွန်ပင်လယ်ပြင်တွင် မြန်မာနိုင်ငံသားသင်္ဘောသားများပါဝင်သည့် နိုင်ငံခြားကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့သည့်ဖြစ်စဉ်တွင် မြန်မာနိုင်ငံသား(၈) ဦးအနက်  ပျောက်ဆုံးနေသည့် ကျန်မြန်မာနိုင်ငံသား (၅) ဦးအတွက် ရှာဖွေရေးလုပ်ငန်းများကို ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့မှ ယနေ့အချိန်အထိ လှည့်ကင်းနှင့် အတူ ရေပြင်/ ဝေဟင်မှ ရှာဖွေရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်နေကြောင်း မြန်မာသံရုံး၊ တိုကျိမြို့က အသိပေးထုတ်ပြန်ထားသည်။

ယင်းအပြင် ရှာဖွေတွေ့ရှိသူ (၃)ဦး အနက် (၂) ဦးမှာ အသက်ဆုံးရှုံးခဲ့ပြီး အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သည့် ဦးဇေယျာမင်းအား လိုအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များ၊ ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။

အသက်ဆုံးရှုံးခဲ့သည့် ဦးဖြိုးမင်းဟိန်းနှင့် ဦးဇေယျာငြိမ်းတို့ကို ၎င်းတို့၏ မိသားစုဆန္ဒအရ ဂျပန်နိုင်ငံတွင် မီးသဂြိုလ်နိုင်ရန်အတွက် မြန်မာသံရုံးမှ သင်္ဘောအေးဂျင့်နှင့်ညှိနှိင်း၍ ဆက်လက် ဆောင်ရွက်ခဲ့ပြီး ထိုသို့ ဆောင်ရွက်ရာတွင် ၎င်းတို့အနက်မှ (၁) ဦးသည် ရှာဖွေတွေ့ရှိစဉ်က အသက်ရှင်လျက်ရှိနေပြီး ဂျပန်နိုင်ငံ၏ နယ်နိမိတ်ထဲရောက်ရှိမှသာ ကွယ်လွန်ခဲ့သည့်အတွက် ဂျပန်နိုင်ငံတွင်မီးသဂြိုလ်ရန် အခက်အခဲမရှိသော်လည်း ကျန် (၁) ဦးသည် နိုင်ငံတကာရေပိုင်နက်ထဲတွင် ရှာဖွေတွေ့ရှိစဉ်ကတည်းက ကွယ်လွန်ခဲ့ခြင်းဖြစ်သည့်အတွက် ဂျပန်နိုင်ငံ၏ ဥပဒေအရ မီးသဂြိုလ်ရန် ဒေသအာဏာပိုင်များက ခွင့်မပြုကြောင်း ပြန်ကြားလာခဲ့သည်။

ဂျပန်နိုင်ငံ၏ ဥပဒေအရ ဂျပန်နိုင်ငံ၊ နယ်နမိတ်ပြင်ပတွင် ကွယ်လွန်သူကို ဂျပန်နိုင်ငံတွင် မီးသဂြိုလ်ခွင့်မပြုသော်လည်း မြန်မာနိုင်ငံသား သင်္ဘောသား(၂) ဦးအား ၎င်းတို့ မိသားစုများ၏ ဆန္ဒအရ ဆောလျင်စွာသဂြိုလ်ခွင့်ရရှိရေးအတွက် မြန်မာသံရုံး၊ တိုကျိမြို့အနေဖြင့် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတို့နှင့် လူသားချင်း စာနာ ထောက်ထားမှုရှုထောင့်မှ ချင့်ချိန်၍ခွင့်ပြုပေးရန် ဆက်သွယ် ညှိနှိင်းဆောင်ရွက်ပေးခဲ့ရာ မီးသဂြိုလ်ခွင့်ပြုချက်ရရှိခဲ့ကြောင်း၊ ခွင့်ပြုချက်ရရှိပြီးနောက် မြန်မာသံရုံး၊ တိုကျိမြို့မှ ကောင်စစ်ဆိုင်ရာ အရာထမ်း (၁) ဦးအား ဖူကုအိုကာပြည်နယ်၊ Nakama မြို့သို့ စေလွှတ်ခဲ့ပြီး မြန်မာနိုင်ငံသား သင်္ဘောသား (၂) ဦး၏ ရုပ်အလောင်းများ သဂြိုလ်မှုအား စနစ်တကျဖြစ်စေရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကာ မြန်မာနိုင်ငံသား၊ သင်္ဘောသား (၂) ဦး၏ ရုပ်အလောင်းအား မတ်လ ၂ ရက်နေ့ နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် ဂျပန်ဗုဒ္ဓဘာသာဘုန်းတော်ကြီးများမှ ဆုတောင်းမေတ္တာပို့သ၍ ကောင်းမွန်စွာသဂြိုလ်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here