မကွေးတိုင်း၊ရေနံချောင်းမြို့နယ်၊ညောင်လှရပ် ကွက်ရှိ ညောင်လှဆိပ်ကမ်းတွင် မတ် ၆ ရက်ညနေပိုင်းက ရေနစ်ပျောက်ဆုံးနေသည့် ကလေးငယ် ၄ ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။
ယမန်နေ့ညနေ ၅ နာရီခွဲခန့်က ရေနံချောင်းမြို့ နယ်၊ညောင်လှရပ်ကွက်၊ညောင်လှဆိပ်ကမ်းတွင် ဆော့ကစားနေသည့် ကလေး ၉ ဦးရေနစ်သွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်ဒေသခံလူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြရာ ၅ ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ၄ ဦးမှာပျောက်ဆုံးလျက်ရှိသဖြင့် ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
“ရေနစ်သွားတဲ့ ကလေးတွေက ရေနံချောင်းမြို့ ဘေးမဲ့ရပ်ကွက်ကလို့သိရပါတယ် ။ဖြစ်စဥ်ကိုသိ သိချင်း စက်လှေတွေနဲ့လည်းရှာတယ်။ ရေငုတ်ပြီးတော့လည်းရှာတယ်။ ၅ ယောက်ကိုကယ်နိုင်ခဲ့တယ် ၄ ယောက်ကတော့ပျောက်ဆုံးနေဆဲပဲ ညကလည်းရှာတယ် ။ညနက်မှရှာဖွေမှုကိုခနနားလိုက်တယ်။ ဒီမနက်လည်းအစောကြီးထဲက ရှာနေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ရာသီဥတုပူလာသဖြင့် မြစ်ချောင်းများအတွင်းရေကစားကြရာမှ ရေနစ်သောဖြစ်စဥ်များယခုတလောခပ်စိပ်စိပ်ကြားလာနေရသဖြင့် သတိရှိကြပါရန် နှင့် ကျောင်းပိတ်ရက် ခလေးများဆော့ရာတွင် မျက်ခြည်မပြတ်ကြပါရန် နိုးဆော်အပ်ပါသည်။