ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသားချင်း စကားများရန်ဖြစ်ရာမှ ပုဆိန်ဖြင့်ခုတ်၍ထွက်ပြေးသွားသူအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိ

0
152

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၌ မတ် ၂ ရက်က မြန်မာနိုင်ငံသားချင်း ဘိလိယက်ကစားစဥ်စကားများရန်ဖြစ်ရာမှ ပုဆိန်ဖြင့်ခုတ်၍ ထွက်ပြေးသွားသူအား တာဝန်ရှိသူများက ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းနေ့ည ၁၁ နာရီခွဲက စမွတ်ပရာကန်ခရိုင်၊ ဖရာ့ပဒဲန်မြို့၊ ဘန်ကျကျေးရွာအုပ်စုရှိ ဘိလိယပ်ခုံတွင် မြန်မာနိုင်ငံသားချင်း ဘိလိယက်ထိုးရာမှ စကားများရန်ဖြစ်ကာ အမျိုးသား ၁ ဦးပုဆိန်ဖြင့်ခုတ်ခံရကြောင်း သတင်းအရ တာဝန်ရှိသူများစစ်ဆေးခဲ့ကြသည်။

အခင်းဖြစ်နေရာတွင် မြန်မာနိုင်ငံသား ကိုမျိုးမင်း(၄၀)နှစ်၏ ဦးခေါင်းနှင့်ကျောတို့တွင် ပုဆိန်ဖြင့်ခုတ်ခံထားရသည့် ဒဏ်ရာများရရှိထားသဖြင့် လူမှုကူညီရေးအသင်းဝင်များက မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြသည်။

ဖြစ်စဥ်တွင် ပုဆိန်ဖြင့်ခုတ်ခဲ့သည့်အမျိုးသားသည် ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက အခင်းဖြစ်နေရာအနီးရှိ CCTV မှတ်တမ်းများနှင့်တိုက်ဆိုင်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဘိလိယက်ကစားစဥ် စကားများရန်ဖြစ်ပြီးနောက် ပြစ်မှုကျူးလွန်သူမှပုဆိန်ဖြင့် ကိုမျိုးမင်း၏ နောက်ကျောအားခုတ်ခဲ့ခြင်းဖြစ်သည်ကိုလည်း CCTV မှတ်တမ်းများအရ တာဝန်ရှိသူများက စစ်ဆေးသိရှိခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here