ကန်စပ်တိမ်​သော်လည်း ကန်လယ်နက်သည့်ကန်အတွင်း ရေဆင်း​ဆော့ရာမှ​ရေနစ်​သေဆုံးသွားသည့် မိန်း​ကလေး၂ ဦးအလောင်းအားပြန်တွေ့

0
234

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိက်ပုတ်ကျေးရွာရှိ အကျယ် ပေ ၅၀၀ ပတ်လည်ခန့် ကန်အတွင်းရေနစ်သေဆုံးသွားသည့် အမျိုးသမီး ၂ ဦး၏ရုပ်အလောင်းများအား မတ် ၇ ရက်(ယနေ့)နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ရကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ရေနစ်သေဆုံးခဲ့သည့် အမျိုးသမီး ၂ ဦးသည် မတ် ၆ ရက်(ယမန်နေ့) ညနေ ၄ နာရီခန့်က ကန်အတွင်းရေဆင်းဆော့ရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့သဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ရှာဖွေမှုအား ညနက်သည်အထိပြုလုပ်ခဲ့ကြသော်လည်း တွေ့ရှိခဲ့ခြင်းမရှိသဖြင့် မတ် ၇ ရက်(ယနေ့) တွင်လည်း နံနက်အစောပိုင်းမှစတင်၍ ရှာဖွေမှုများဆက်လက်ပြုလုပ်ခဲ့ကြပြီး ပုလဲအရန်မီးသတ်တပ်ဖွဲ့မှလည်း ဝိုင်းဝန်းကူညီရှာဖွေပေးခဲ့ကြသည်။

“ရေနစ်ပျောက်ဆုံးသူ ၂ ယောက်ရဲ့မိသားစုဝင်တွေက ဝိုင်းရှာပေးဖို့အကူအညီတောင်းတာနဲ့ ကူညီပြီးရှာဖွေပေးခဲ့ပါတယ် ၈ နာရီကျော်လောက်ကစပြီး လှေတွေနဲ့ရော ရေငုတ်ပြီးတော့ရှာဖွေခဲ့ပါတယ်။ ကန်အကျယ်က ပေ ၅၀၀ ပတ်လည်လောက်ရှိတယ်။ အနက်က အလယ်မှာဆိုရင် ပေ ၁၀၀ လောက်ရှိတယ်”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်ကပြောသည်။

ထို့ကြောင့် ရေနစ်ပျောက်ဆုံးသွားသည့် အမျိုးသမီး ၂ ဦး၏ရုပ်အလောင်းများအား နံနက် ၉ နာရီ ၃၅ မိနစ်နှင့် နံနက် ၁၀ နာရီ ၁၅ မိနစ်တို့၌ ပြန်လည်တွေ့ရှိခဲ့ရသဖြင့် မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ရေနစ်သေဆုံးသွားတဲ့ ကောင်မလေး ၂ ယောက်က ရွှေပြည်သာဘက်က အလှပြင်ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေတဲ့ ဝန်ထမ်း ၂ ယောက်လို့သိရပါတယ် အသက်(၂၀)ကျော်လေးတွေပဲရှိပါသေးတယ်”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here