သင်္ကြန်ကာလ ကမ်းခြေများတွင် သွားရောက်အပန်းဖြေမည့်သူများပြားမှုကြောင့် ဟိုတယ်နှင့်တည်းခိုခန်းများ ဘိုကင်ပြည့်သည်အထိဖြစ်

0
284

လာမည့် မဟာသင်္ကြန်နှစ်သစ်ကူးကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ ကမ်းခြေများတွင် သွားရောက်အပန်းဖြေရန် ကြိုတင်စီစဉ်မှုများရှိနေပြီး ဟိုတယ်နှင့် တည်းခိုခန်းများ ပြည့်သအထိ ဘိုကင်တင်မှုများရှိနေကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းက သိရသည်။

လတ်တလောရရှိသည့် သတင်းအချက်အလက်များအရ မြန်မာနိုင်ငံအတွင်းရှိ ချောင်းသာ၊ ငွေဆောင်နှင့် ငပလီအပါအဝင် အထင်ကရရှိသည့် အပန်းဖြေစရာကမ်းခြေများတွင် လာမည့် ဧပြီလလယ်ပိုင်း သင်္ကြန်ကာလတွင် ပြည်တွင်းခရီးသွားဝင်ရောက်မှု ပိုမိုတိုးမြင့်လာမည်ဖြစ်ကြော င်း သိရသည်။

” သင်္ကြန်ကာလကတော့ ခရီးသွားဝင်ရောက်မှု ပိုပြီးတော့ များမှာပေါ့နော်။ အထူးသဖြင့်တော့ ပြည်တွင်းက ခရီးသွားတွေပေါ့။ လာပြီး အပန်းဖြေကြဖို့ ပြင်ဆင်နေတာတွေ ရှိပါတယ်။ ဟိုတယ်တွေ ဘာတွေ ဘိုကင် လုပ်ထားကြတာပေါ့နော်။ အခုဆိုရင် တော်တော်များများက အခန်းတွေ ပြည့်တဲ့အထိ ဖြစ်နေကြတာပေါ့။ အဓိကတော့ ချောင်းသာ ၊ ငွေဆောင်နဲ့ ငပလီလို နေရာမျိုးတွေပေါ့။ ကျန်တဲ့ တခြားကမ်းခြေတွေလည်း လာမယ့်သူတွေ များတာပေါ့” ဟု ရန်ကုန်အခြေစိုက် ခရီးသွားလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုမှတာဝန်ရှိတစ်ဦးက ပြောသည်။

လာမည့် ဧပြီလ (၁၃) ရက်မှ (၁၆) ရက်အထိ ကျရောက်မည့် သင်္ကြန်ကာလ နှစ်သစ်ကူးရုံးပိတ်ရက်တွင် ကမ်းခြေများ၌ သွားရောက်အပန်းဖြေမည့်ဦးရေ များပြားနေပြီး သာမန်အချိန်များထက် ခရီးသည်ဝင်ရောက်မှုနှုန်း (၃) ဆခန့် ပိုတိုးလာမည်ဟု ခန့်မှန်းကြောင်းလည်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ၏ သုံးသပ်မှုများလည်း ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ခရစ်စမတ်ကာလနှင့် New Year ကာလတွင်လည်း အလားတူ ခရီးသွားဝင်ရောက်မှု မြင့်တက်ခဲ့ပြီး ကမ်းခြေများတွင် ဟိုတယ်များ အခန်းပြည့်သည်အထိ အပန်းဖြေသူများပြားခဲ့ကြောင်းလည်း ခရီးသွား သတင်းအချက်အလက်များအရ သိရသည်။

ယင်းကဲ့သို့ အပန်းဖြေရာသီ ဝယ်လိုအားမြင့်တက်မှုအပေါ်မူတည်၍ ယာဉ်စီးခ နှုန်းထားမြင့်တက်မှု၊ တည်းခိုစရိတ်မြင့်တက်မှု၊ အစားအသောက်နှင့်အထွေထွေအသုံးအဆောင်ဈေးနှုန်းများ မြင့်တက်မှုများ ကြုံရလေ့ရှိပြီး အဆိုပါ အလေ့အထများကို ပြ်ဆင်သင့်ကြောင်း ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးကလည်း သုံးသပ်သည်။

” အဲဒါတွေက အလေ့အထလိုကို ဖြစ်နေတာလေ။ ထူလာပြီဆိုရင် လုပ်ပြီ။ သူ့ထက်ငါအပြိုင် ဈေးတွေတင်ကြတာပေါ့။ ဟိုတယ်ခတွေ၊ ကားခတွေ ၊ နောက်ဆုံးဗျာ ဒေသထွက် အသုံးအဆောင်တွေ လက်ဆောင်ပစ္စည်းတွေနဲ့ အစားအသောက်ကအစပေါ့။ အဲဒါတွေကိုတော့ ပြင်စေချင်တာပေါ့နော် ” ဟု ၎င်းက ဆိုသည်။

အဆိုပါ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း ချောင်းသာ ၊ ငွေဆောင်နှင့် ငပလီကမ်းခြေတို့ရှိ ဟိုတယ်ခများ နှစ်ဆဝန်းကျင်အထိ မြင့်တက်နိုင်ပြီး လက်ရှိတွင် ဘိုကင်တင်ရန်ပင်အခက်အခဲရှိသည့်အနေအထားရှိကြောင်းလည်း သိရသည်။

သွားရောက်လည်ပတ် အပန်းဖြေလိုသူများအနေဖြင့် မိမိသွားရောက်လိုသည့်ရက်အတိအကျနှင့် ဟိုတည်အခန်းခ ကြိုတင်ရှင်းကာ အခန်းယူရသည့် အခြေအနေမျိုးပင်ရှိနေကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူအချို့ထံမှ သိရသည်။

အခန်းခဈေးနှုန်းများအနေဖြင့်လည်း ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတွင် တစ်ညတည်းုခ (၁) သိန်းဝန်းကျင်မှ (၄) သိန်းဝန်ကျင်းအထိ ဝန်ဆောင်မှုအဆင့်ပေါ်လိုက်၍ အစားစားရှိနေပြီး တန်ဖိုးနည်းတည်းခိုခန်းများ ၊ အုပ်စုလိုက်တည်းခိုရသည့် အိမ်ပုံစံတည်းခိုခန်းများလည်းရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here