သင်္ကြန်ကာလအတွင်း ကော့သောင်းသို့ လေကြောင်းခရီးစဉ်များပျံသန်းပေးမည်ဟုဆို

0
278

သင်္ကြန်ကာလအတွင်း ရန်ကုန်-ကော့သောင်းတိုက်ရိုက်လေကြောင်းခရီးစဉ်များကို တိုက်ရိုပျံသန်းပေးမည်ဟု ပြည်တွင်းလေကြောင်းလိုင်းအချို့က အသိပေးကြေညာထားမှုများရှိပြီး ခရီးသွားကုမ္ပဏီအချို့မှလည်း ခရီးစဉ်ရောင်းချမှုများရှိနေကြောင်း သိရသည်။

“ မြိတ်ကျွန်းစုကတော့ တတ်နိုင်တဲ့သူတွေသွားကြတော့ ဘန်ကောက်သွားတဲ့စရိတ်ထက် ပိုကုန်တာကို။ မတတ်နိုင်လို့ ကားလမ်းကသွားရင်လည်း လုံခြုံစိတ်ချမှုကမရှိဘူး။ လေကြောင်းနဲ့ပဲ ကော့သောင်းကို တိုက်ရိုက်သွားကြတယ်။ ဘန်ကောက်သွားတဲ့ လေယာဉ်စရိတ်ထက်တောင် ပိုဈေးကြီးတယ်။ ဟိုမှာ တည်းခိုနေထိုင်တဲ့ စရိတ်အားလုံးကလည်း ထိုင်းဘတ်ငွေနဲ့ အခြေပြုပြီးတွက်တာဆိုတော့ ဈေးကြီးတယ်။ တစ်ယောက်ကို အနည်းဆုံး ၁၀ သိန်း ၁၅ သိန်းလောက်မကကို ကုန်တာပေါ့။ တတ်နိုင်တဲ့သူတွေကသွားကြတာပေါ့။ ဖွင့်တဲ့ဟိုတယ်တွေကလည်း ဖွင့်နေပြီ။ သူဌေးကျွန်းတို့ ညောင်ဦးဖီကျွန်းတို့ဆိုရင်လည်းဖွင့်နေပြီ”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ နာယကအတွင်းရေးမှူး ဦးသက်လွင်တိုးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၌ ကျွန်းပေါင်း ၈၀၀ ကျော်ရှိပြီး မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၂၀၀ ကျော်ရှိ၍ မြိတ်ကျွန်းစုပင်လယ်ပြင်ခရီးစဉ်များတွင် လူကြိုက်အများဆုံးနေရာများဖြစ်သော ကျွန်းဘုရင်ခေါ် လေးကျွန်းနှင့် စမတ်ကျွန်း ခေါ် ပါပကျွန်း၊ သမီးလှကျွန်း၊ ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်း(CBT)၊ တောင်ပံကြီးကျွန်းနှင့် ဘေလီကျွန်းတို့သည် ပြည်တွင်းပြည်ပ ခရီးသွားအများဆုံးသွားရောက် လည်ပတ်မှုရှိခြင်း ဖြစ်သည်။
မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းကို ၂၀၁၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှစတင်၍ ၂၀၁၉ ခုနှစ်တို့တွင် ခရီးသွားလုပ်ငန်းတိုးတက် ကောင်းမွန်ခဲ့ပြီး ရက်ရှည်ရုံးပိတ်ရက်တို့တွင် လာရောက်လည်ပတ်သူ ပိုမိုများပြားခဲ့၍ တစ်နေ့လျှင် ခရီးသွား ၂၀၀ မှ ၃၀၀ အထိရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလုပ်ငန်း ယာယီရပ်တန့်သွားရာမှ ၂၀၂၂ ခုနှစ်၏ သီတင်းကျွတ်လပြည့်နေ့မှစတင်၍ ခရီးသွားများပြန်လည်ဝင်ရောက်လာခဲ့ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ ကျွန်းစုများကို လေ့လာလည်ပတ်နိုင်ရန်နှင့် အပန်းဖြေခရီးသွားလုပ်ငန်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ရာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်း၊ ဧည့်လမ်းညွှန်များလုပ်ငန်း၊ ရေယာဉ်မောင်းသူများနှင့် မြိတ်ခရိုင်အတွင်းရှိ ဒေသခံများမှ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here