မန္တလေးမြို့ ကန်တော်ကြီးထောင့်တွင် အမျိုးသားတစ်ဦးအား ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်လုယူမှုဖြစ်ပွား

0
260

မန္တလေးတိုင်း၊ ချမ်းမြသာစည် မြို့နယ်အတွင်းရှိ ကန်တော်ကြီးပတ်လမ်းအနီးတွင် အမျိုးသားတစ်ဦးအား လူတစ်စုက ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်လုယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ (၇) ရက် ညဦးပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်ခုတ်ခံရသည့် အမျိုးသားတွင် ဒဏ်ရာအချို့ရရှိခဲ့ကြောင်း သိရသည်။

” ကျွန်တော်တို့ ရောက်သွားတော့ ဖြစ်စဉ်က ဖြစ်ပြီးနေပြီပေါ့။ အနီးအနားက လူတွေက ဖုန်းဆက်သတင်းပေးလို့ သွားတော့ ကျူးလွန်တဲ့ လူတွေမရှိတော့ဘူး။ ဓားနဲ့အခုတ်ခံရတဲ့သူက နဖူးနဲ့ လက်မှာ ဓားဒဏ်ရာတချို့ရတယ်။ ဆိုင်ကယ်လုတာပေါ့။ မန္တလေးမှာ ဒီလိုဖြစ်စဉ်မျိုးတွေ မကြာမကြာဖြစ်တယ်။ သတိနဲ့ သွားလာကြဖို့တော့ မှာချင်ပါတယ်” ဟု အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်လုယူသူများမှာ အနည်းဆုံး (၇) ဦးရှိသည့် လူအုပ်စုဖြစ်ပြီး လုယူခံရသည့် ဆိုင်ကယ်အမျိုးအစားကို မမေးမြန်းလိုက်ရ၍ မသိရှိကြောင်းလည်း ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားနေစဉ် အခင်းဖြစ်နေရာသို့ ကားဖြင့်ရောက် ရှိလာသည့် အမျိုးသားတစ်ဦးမှလည်း အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းအသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာတွင် ယခုကဲ့သို့ ရေးသားထားသည်။

“ကန်တော်ကြီးထောင့်မှာ လူတစ်ယောက်ဓားနဲ့ ခုတ်ခံရတယ်။ ဆိုင်ကယ်လုသွားတာ ၊ ကိုယ်တွေ ကားရောက်လာတော့ ပုံထဲက အကိုက ကယ်ပါဦးဆိုပီး ထွက်ပြေးတဲ့ချိန် ကိုယ်က ကားမီးထိုးသလိုဖြစ်တော့ ခုတ်တဲ့ကောင်တွေက အမြန်လစ်သွားတာ။ ခုတ်တဲ့ကောင်တွေက (၇)ယောက်လောက်ရှိမယ်။ ကားမီးရောင်ကြောင့် ဆက်မလုပ်ဘဲပြေး သွားတာ။ နဖူးလဲ ခုတ်ခံထားရတာ၊ ကားမီးကြောင့် မဟုတ်ရင် မတွေးရဲစရာပါ။ သွားသတိ လာသတိ သတိထားကြပါ” ဟု ၎င်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

အဆိုပါ ဖြစ်စဉ်မှ ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here