ပြောင်းဈေးများဆက်တိုက် ကျဆင်းလာ

0
231

ပြည်ပသို့တင်ပို့နေသည့်ပြောင်းဈေးမှာ ဆက်တိုက်ကျဆင်းလာကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနှင့် တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှုများရှိနေပြီး လက်ရှိတွင် နိုင်ငံခြားသုံးငွေ၏ ၆၅ ရာခိုင်နှုန်းကို မတ်လ ၁ ရက်မှစတင်ပြီး ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဆိုသည့် မူဝါဒသတ်မှတ်ချက်ကြောင့် ဈေးချဝယ်ယူမှုတွေရှိလာသည့်အတွက် ပြောင်းဈေးကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က ဈေးကွက်အတွင်း ပြောင်းတစ်ပိဿာ ကျပ် ၁၃၀၀ ကျော်ထိရှိခဲ့ရာမှ လက်ရှိ တစ်ပိဿာကို ကျပ် ၁၂၀၀ ကျော် ပြန်ကျဆင်းလာခဲ့ပြီး ဒေသအလိုက် ဈေးနှုန်းအပြောင်းအလဲ အတက်အကျ ရှိနေကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပြောင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို တရားဝင်လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်နိုင်ပြီး ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို တစ်ရက်အတွင်း ကျပ်ငွေဖြင့်လဲလှယ်ရမည်ဟု ကြေညာချက်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် သြဂုတ် ၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်ကို ၂၀၂၂ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် စတင်ကျင့်သုံးခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်မှစတင်၍ နယ်စပ်ပို့ကုန်တွေအတွက်ပါ တပြေးညီသတ်မှတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါမူဝါဒအတွင်း ပါဝင်သည့်ပို့ကုန် ၆ မျိုးမှာ ပဲ၊ ပြောင်း၊နှမ်း/ မြေပဲ၊ရာဘာ၊ ရေထွက်ပစ္စည်းနှင့် တိရိစ္ဆာန်အရှင်တို့ ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ၏ မူဝါဒကြောင့် မလိုအပ်ဘဲ logistics စရိတ်များကြီးမြင့်လို့သာ ဈေးနှုန်းကျဆင်းတာဖြစ်ပြီး နောက်ပိုင်းဈေးပြန်ကောင်းလာနိုင်ကြောင်း ပြောင်းကုန်သည်ကြီးအချို့က သုံးသပ်ပြောဆိုထားသည်။

မြန်မာ့ပြောင်းကို ဖိလစ်ပိုင်၊ ဗီယက်နမ် အစရှိသည့်နိုင်ငံပေါင်း ၇၀ ကိုတင်ပို့နေပြီး၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအပြင် ပင်လယ်ရေကြောင်းမှလည်းတင်ပို့မှုရှိနေကြောင်း၊ နှစ်စဉ် ပြည်တွင်း၌ တစ်နှစ်လျှင် စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန်သည် ၂ ဒသမ ၃ သန်းနှင့် ၂  ဒသမ ၆ သန်းကြားထွက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here