မက္ကဆီကို၌ ပြန်ပေးဆွဲခံရသော အမေရိကန်နိုင်ငံသား ၄ ဦးတွင် ၂ ဦး သေဆုံး၊ ၂ ဦး အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာ

0
189

မက္ကဆီကိုတွင် ပြန်ပေးဆွဲခံရသော အမေရိကန်နိုင်ငံသား လေးဦး အနက်မှ နှစ်ဦးကို‌ သေဆုံးလျက် တွေ့ရှိခဲ့ပြီး ကျန်နှစ်ဦးကိုမူ အသက်ရှင်လျက်ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း အရာရှိများက မတ်လ ၇ ရက် အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

အသက်ရှင်ကျန်ရစ်သူများဖြစ်သော အဲရစ် ဂျိမ်းစ် ဝီလျံနှင့် လာတေဗီရား မက်ဂီးတို့သည် အမေရိကန်နိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သူတို့၏ မိသားစုများက ပြောလာခဲ့သည်။

ဝီလျံ၊ မက်ဂီး၊ ဇင်ဒဲလ် ဘရောင်းနှင့် ရှိတ်ခ် ဝုဒ်ဒက်တို့သည် သောကြာနေ့ နံနက်ပိုင်းတွင် မက္ကဆီကိုနိုင်ငံ နယ်စပ်မြို့ မာတာမိုရို့စ်မြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုစဉ် အမည်မသိ သေနတ်သမားများသည် သူတို့မောင်းနှင်လာသော ဗင်ကားကို လာရောက် ပစ်ခတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အသက်ရှင်ကျန်ရစ်သူနှစ်ဦးကို မာတာမိုရို့စ်မြို့ အပြင်ဘက်ရှိ သစ်သားအိမ်တစ်လုံးတွင် အင်္ဂါနေ့မနက်ပိုင်း၌ ရှာတွေ့ခဲ့သည်ဟု မက္ကဆီကို တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ သေဆုံးသူနှစ်ဦးမှ တစ်ဦးကို အိမ်ထဲတွင် တွေ့ရှိခဲ့ပြီး ကျန်တစ်ဦးကိုမူ အိမ်အပြင်ဘက်၌ တွေ့ရှိခဲ့ကြောင်း သိရသည်။

ကလေးငါးယောက် အမေဖြစ်သည့် မက်ဂီမှာ ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ပေ။ သို့ရာတွင် ဝီလျံမှာမူ ပေါင်တစ်ဖက်တွင် သေနတ်ဖြင့် နှစ်ချက်ပစ်ခံထားရပြီး ကျန်တစ်ဖက်တွင် တစ်ချက် ပစ်ခံထားရသည်ဟု ဇနီးဖြစ်သူ မစ်ရှဲလ် ဝီလျံက ဆိုသည်။

အဆိုပါအိမ်အတွင်း ပြန်ပေးဆွဲခံထားရသူများကို စောင့်ကြည့်နေသော အသက် ၂၄ နှစ်အရွယ် လူတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မက္ကဆီကို တာဝန်ရှိသူများက ပြောသည်။

မက္ကဆီကို ထောက်လှမ်းရေးသမားများ၏ ပြောဆိုချက်အရ သေနတ်သမားများသည် အဆိုပါ အမေရိကန် နိုင်ငံသားများအား ပြိုင်ဘက်လူကုန်ကူးသမားများဟုထင်ကာ ယခုကဲ့သို့ ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း သိရသည်။

Source: ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here