ဈေးကွက်မှီချင်​ဇောဖြင့် တောင်သူများအရည်အသွေးမမီသည့် ကြက်သွန်များမဖေါ်ဖို့လို၊ ယခုနှစ်ထွက်နှုန်း ၂ဆတိုး

0
129

တောင်သူတွေအနေဖြင့် ဈေးကွက်မှီချင်သည့်အတွက် အရည်အသွေးမမီသည့် ကြက်သွန်များကိုဖေါ်လာကြောင်း ရွှေပြည့်အောင်(ပွဲရုံ) မှသိရသည်။

“ တောင်သူတွေဘက်က အရည်အသွေးကသိပ်မကောင်းဘူး။ အဲဒါကြောင့် ဈေးတန်းတွေ နည်းနည်းကျကျသွားတာ။ တောင်သူတွေကကျတော့ ဒီပစ္စည်းက အစိုတွေလာတာပေါ့နော်။ တချို့ကျတော့လည်း ဈေးကွက်မှီချင်တော့ ပို့ကြတာပေါ့။ စိုတဲ့ဟာတွေကျတော့ ဈေးတန်းတစ်ခုကိုပျက်စေတယ်။ အဲဒါတွေကတော့ တောင်သူတွေနဲ့ နည်းနည်းလေးတော့ ပြောရတာပေါ့။ တောင်သူတွေဘက်က အရည်အသွေးမမှီ​သေးတာတွေကို တော်တော်လေးဖော်လာလို့ ထိန်းဖော်ဖို့ ထိန်းပြီးပြောရတာပေါ့။ သူတို့ဘက်ကတော့ အခက်အခဲမရှိပါဘူး။ ဈေးကွက်မှီချင်လို့ပါ၊ အဓိကတော့ ပစ္စည်းတန်းပေါ့ ၊ဈေးကျသွားမှာစိုးလို့ ဇွတ်လာကြတာ။ ဈေးကွက်တစ်ခု ဈေးတန်းတစ်ခုကို ကြိုက်လို့ တင်ပို့ကြတာပေါ့”ဟု ရွှေပြည့်အောင်(ပွဲရုံ) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းမှာ ၉၀၀ နှင့် ၁၀၀၀ ကြားရှိပြီး ပစ္စည်းညံ့သည့်ကြက်သွန်ဈေးနှုန်းမှာ ၈၀၀ ပတ်ချာလည်တွင်ရှိကြောင်း သိရသည်။

ယခုဈေးကွက်သို့ ဝင်လာသည့် နွေစိုက်ကြက်သွန်နီ (အကြမ်း) မှာ ကြာရှည်အထားခံသောကြောင့်  လှောင်လက်များအကြိုက်ဖြစ်ပြီး ယခုနှစ်တွင် ယမန်နှစ်ထက် ကြက်သွန်နီ ထွက်နှုန်းမှာ ၂ ဆခန့် ပိုလာသောကြောင့် သိုလှောင်ရန်ဝယ်ယူမှုအတွက် ဈေးကွက်နှင့် ကြက်သွန်နီအရည်အသွေးကို စောင့်ကြည့်နေကြကြောင်းသိရသည်။

ပြီးခဲ့သည့် ကြက်သွန်နီဈေးကွက်က မိတ်စားကြက်သွန်များဖြစ်ပြီး တော်သလင်းနှင့် သီတင်းကျွတ်လများတွင် စိုက်ပျိုးထွက်ရှိခြင်းဖြစ်ပြီး ရာသီဥတုနှင့် စိုက်ပျိုးသူနည်းခဲ့သဖြင့် တစ်ဧကလျင် ပိသာချိန် အများဆုံး ၂၀၀၀ ခန့်သာထွက်ရှိခဲ့ပြီး ယခုဈေးကွက်အတွင်းရှိ ကြက်သွန်နီများမှာ တစ်ဧကလျင် ပိသာချိန် ၂၀၀၀ မှ ၃၀၀၀ ထိ ထွက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here