တကျော့ပြန် ပြန်လည်ခေတ်ထလာပြန်သည့် မန္တလေးမြို့က ဓားခုတ်ကောင်များနှင့် ဆိုင်ကယ်လုယက်မှုများ

0
184

လအတန်ကြာ ငြိမ်သက်နေသည့် မန္တလေးမြို့မှ ဓားခုတ်လုယက်မှုများ ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ပြန်လည်ဖြစ်ပွားလာကြောင်း မန္တလေးနယ်ခံသတင်းရင်းမြစ်များနှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းအထိ နေ့စဉ်နီးပါးဖြစ်ပွားခဲ့သည့် အဆိုပါ ဓားခုတ်လုယက်မှုများမှာ လအတန်ကြာငြိမ်သက်နေရာမှ ယခုလိုတကျော့ပြန် ပြန်လည်မြင့်တွေ့လာရခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့တွင် (၂) ရက်ဆက်တိုက် ဓားခုတ်လုယက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား (၂) ဦး ဓားဖြင့်ခုတ်ခံရပြီး ဆိုင်ကယ်လုယူခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ မတ်လ (၈) ရက် ညပိုင်းက အမျိုးသားတစ်ဦးကို ဓားဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယူမှုတစ်ခုဖြစ်ပွားခဲ့သည့်အတွက် မန္တလေး အခြေစိုက် မဏိစလ လူမှုကူညီရေးအသင်းကဒဏ်ရာရအမျိုးသားအား ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

မန္တလေးမြို့ ၊ (၈၂) လမ်းနှင့် (၃၉) လမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားအား ဓားဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမျိုးသားတွင် နောက်ကျောထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ဦးခေါင်းဓားခုတ်ဒဏ်ရာရရှိခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့ မတ်လ (၉) ရက် နံနက်ပိုင်းတွင် မဏိစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူမျာထံ ပေါ်ပြူလာနယူး(စ်)က ဆက်သွယ်မေးမြန်းကြည့်ရာ အခင်းဖြစ်စဉ်မှာ ရန်ငြိုးရန်စကြောင့်ဖြစ်သည့်ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူနာမှာ အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေမဟုတ်ကြောင်း သိရသည်။

” သူတို့အချင်းချင်းလို့ ပြောတာပဲ။ အချင်းချင်း ရန်ဖြစ်ပြီးတော့ ခုတ်ကြတာတဲ့။ အသက်အန္တရာယ်မစိုးရိမ်ရဘူး။ ဆိုင်ကယ်လုတဲ့ဟာ မဟုတ်ဘူး။ သူတို့အချင်းချင်း ရန်ဖြစ်ထားလို့ ရန်စောင်နေတာ ၊ တွေ့တဲ့အချိန်ခုတ်ကြတာ။ စကေဘာနဲ့ ထိုးတာ ။ ကန်တော်ကြီးထောင့်မှာ ဖြစ်တာကတော့ လုတာ။ ဒီဟာကတော့ ရန်ညိုးရန်စရှိလို့ ချောင်းပြီးလုပ်တာ” ဟု မဏိစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အလားတူ လူအုပ်စုက ဓားဖြင့်ခုတ်သည့် ဖြစ်စဉ်တစ်ခု ပြီးခဲ့သည့် မတ်လ (၇) ရက် ညပိုင်းကလည်း မန္တလေး ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ကန်တော်ကြီးပတ်လမ်းထောင့်တွင် ဖြစ်ပွားခဲ့ပြီး လူလတ်ပိုင်း အမျိုးသားတစ်ဦး ဓားဒဏ်ရာများရရှိကာ ဆိုင်ကယ်ပါ လုယူခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ (၇) ရက် ညပိုင်းက မန္တလေးမြို့ ၊ ကန်တော်ကြီးထောင့်တွင် ဆိုင်ကယ်စီးနင်းလာသည့် သက်လတ်ပိုင်းအမျိုးသား တစ်ဦးအား (၇) ဦးပါသည့် လူအုပ်စုက ဓားဖြင့်ဝိုင်းခုတ်ကာ ဆိုင်ကယ်လုယူခဲ့သည့်အတွက် အဆိုပါ အမျိုးသားတွင် နဖူးနှင့် လက်တို့တွင် ဓားဒဏ်ရာများ ရရှိခဲ့ပြီး ကျူးလွန်သူများမှာ ဆိုင်ကယ်အား လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ကန်တော်ကြီးထောင့်မှာ လူတစ်ယောက်ဓားနဲ့ ခုတ်ခံရတယ်။ ဆိုင်ကယ်လုသွားတာ ၊ ကိုယ်တွေ ကားရောက်လာတော့ ပုံထဲက အကိုက ကယ်ပါဦးဆိုပီး ထွက်ပြေးတဲ့ချိန် ကိုယ်က ကားမီးထိုးသလိုဖြစ်တော့ ခုတ်တဲ့ကောင်တွေက အမြန်လစ်သွားတာ။ ခုတ်တဲ့ကောင်တွေက (၇)ယောက်လောက်ရှိမယ်။ ကားမီးရောင်ကြောင့် ဆက်မလုပ်ဘဲပြေး သွားတာ။ နဖူးလဲ ခုတ်ခံထားရတာ၊ ကားမီးကြောင့် မဟုတ်ရင် မတွေးရဲစရာပါ။ သွားသတိ လာသတိ သတိထားကြပါ” ဟု အခင်းဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူ မန္တလေးမြို့ခံတစ်ဦးက  ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

အဆိုပါ ဓားခုတ်လုယက်မှုများသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် တစ်နှစ်လုံးတွင် နေ့စဉ်ရက်ဆက်နီးပါး ဖြစ်ပွားခဲ့ပြီး မန္တလေးမြို့နေ လူထုအတွင်း လုံခြံရေးအထိတ်တလန့်အဖြစ်ရဆုံး အခြေအနေအထိ ဆိုးရွားခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ လအတန်ကြာ ငြိမ်သက်နေခဲ့ကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

” ၂၀၂၁ တုန်းက တော်တော်အခြေအနေဆိုးတာနော်။ ညတိုင်း နီးပါးဖြစ်တယ် ။ ဘယ်နားမှာတော့ ခုတ်ပြန်ပြီ ၊ ဘယ်နားမှာတော့ ဖြစ်ပြန်ပြီ ။ကန်တော်ကြီးဘက်ဆို မိုးနည်းနည်းချုပ်ရင် မသွားရဲသလောက်ပဲ။ အသားလွှတ်ကြီး လိုက်ခုတ်တာ။ ပြန်လုပ်ရအောင်ကလည်း သူတို့က အုပ်စုလိုက်တွေနဲ့ ။ နောက်ပိုင်း ပြည်သူတွေက ဘယ်လိုဖြစ်လာလဲဆို အပြင်ထွက်ဖို့ နောက်ကျောမလုံတော့ဘူး။ (၇) နာရီကျော်ရင် အပြင်သိပ်မထွက်ဖြစ်တော့ဘူး။မလုံခြုံတော့ဘူးလို့ ခံစားလာရတာလေ။ အဲဒီအချိန်ဆို မဖြစ်မနေ သွားလာနေရသူတွေလောက်ပဲ လမ်းပေါ်ရှိတော့တယ်” ဟု မန္တလေးတိုင်း ၊ အမရပူရမြို့နယ်တွင် နေထိုင်သည့် မြို့ခံတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

အဆိုပါ ဓားခုတ်လုယက်မှု သတင်းများ မကြားရသ‌လောက် ငြိမ်သက်နေသည်မှာ (၆) လဝန်းကျင် ရှိနေပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်တကျော့ပြန် ပြန်လည်မြင်တွေ့လာရသည့်အတွက် လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့်ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးစေလိုကြောင်းလည်း မန္တလေးမြို့ခံများက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here