ကိုရီးယားရောက် မြန်မာများ ပတ်စ်ပို့သက်တမ်းတိုးရန် တနင်္ဂနွေနေ့တွင်ပါ ဆောင်ရွက်ပေးမည်

0
165

ကိုရီးယားနိုင်ငံ​ရောက် မြန်မာနိုင်ငံသားများအတွက်ပတ်စ်ပို့သက်တမ်းတိုးရန် ယခုလမှစတင်ပြီးတနင်္ဂနွေနေ့တွင်ပါ ထပ်တိုးဆောင်ရွက်ပေးသွားမည်​ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ယခု မတ်လမှ စတင်ပြီး လစဉ်တိုင်း လတစ်လ၏ ဒုတိယတနင်္ဂနွေနေ့တွင် ပတ်စ်ပို့သက်တမ်းတိုးခြင်းကို ထပ်တိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ကိုရီးယားနိုင်ငံတွင် ဆိုးလ်မြို့နှင့် ဝေးကွာသည့်ဒေသများတွင် အလုပ်လုပ်ကိုင်နေရသည့် မြန်မာလုပ်သားများ အလုပ်ဖွင့်ရက်တွင် သက်တမ်းတိုးလာရောက်ရန် အခက်အခဲရှိသည့်အတွက်ယခုလို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားတွေအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို ယခုလမှစတင်ပြီး လစဉ် ဒုတိယ တနင်္ဂနွေနေ့ ( ဥပမာ- မတ်လ ၁၂ရက်၊ ဧပြီ ၉ ရက်၊ မေလ ၁၄ ရက်) တို့တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့တွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း ကိစ္စရပ်တွေကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

သက်တမ်းတိုးဆောင်ရွက်လိုပါက လစဉ် ဒုတိယ တနင်္ဂနွေနေ့၊ နံနက်(၉:၃၀)နာရီမှ နေ့လယ် (၁၃:၀၀)နာရီအတွင်း မြန်မာသံရုံးကို လာရောက်လျှောက်ထားရမည်ဖြစ်ပြီး သံရုံးသို့ မလာရောက်မီ ၃ရက် ကြိုတင်ကာ သံရုံးဖုန်း(82-2) 7903814 သို့ ရုံးချိန်အတွင်း ဆက်သွယ်ရက်ချိန်းရယူရမည်ဖြစ်သည်။

သက်တမ်းတိုးပြီး​သော နိုင်ငံကူးလက်မှတ်များကို တစ်လပြည့်မြောက်သည့် တနင်္ဂနွေနေ့၊ မွန်းလွဲ (၁၄:၀၀) နာရီမှ (၁၅:၀၀)နာရီအတွင်း ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သံရုံးက ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here