Bakhmut မြို့သည် လာမည့်ရက်များအတွင်း ရုရှားတို့လက်သို့ ကျရောက်ကောင်းကျရောက်သွားမည်ဟု နေတိုးအကြီးအကဲပြောကြား

0
271

လက်ရှိအချိန်တွင် တိုက်ပွဲများပြင်းထန်နေသည့် ယူကရိန်းနိုင်ငံ Bakhmut မြို့သည် လာမည့်ရက်များအတွင်း ရုရှားတို့ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားနိုင်ကြောင်း နေတိုးစစ်အုပ်စု၏ အထွေထွေအတွင်းရေးမှူး Jens Stoltenberg က သတင်းထောက်များအား ပြောကြားခဲ့သည်။

“သူတို့ဖက်က ဆုံးရှုံးမှုတွေကြီးမားခဲ့ပေမယ့် တစ်ချိန်မှာပဲ Bakhmut မြို့ကိုလဲ နောက်ရက်တွေမှာ ကျွန်တော်တို့ ထိန်းချုပ်နိုင်မှာမဟုတ်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ စစ်ပွဲရဲ့ အချိုးအကွေ့တစ်ခုဖြစ်မှာမဟုတ်သလို၊ ရုရှားကိုလဲ လျှော့မတွက်သင့်ဖို့ မီးမောင်းထိုးပြနေတာဖြစ်တယ်”ဟု သူကပြောကြားခဲ့သည်။

တိုက်ပွဲများပြင်းထန်နေသော Bakhmut မြို့တွင် နေထိုင်သူ ၄၀၀၀ မျှကျန်ရှိနေသေးသည်။ မည်သို့ပင်ဖြစ်စေ ယင်းမြို့ကို ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက အင်္ဂါနေ့က ကတိပေးခဲ့ပြီးဖြစ်သည်။ “ယူကရိန်းရဲ့ ဘယ်အစိတ်အပိုင်းကိုမှ စွန့်လွှတ်ဖို့မရှိပါဘူး”ဟုလည်း သူကပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ယူကရိန်းတပ်များအား Bakhmut မြို့မှနေ၍ မဟာဗျူဟာမြောက် ဆုတ်ခွာမှုပြုကောင်းပြုနိုင်သည်ဟု တပ်မှူးများကပြောခဲ့သော်လည်း၊ ဇလန်းစကီးကမူ မိမိတပ်များအနေဖြင့် ဆက်လက်တိုက်ပွဲဝင်ကြရန်သာရှိတော့ကြောင်းဆိုသည်။

ယခုအခါ Bakhmut မြို့တွင် ရုရှားဖက်မှ အဓိကတိုက်ပွဲဝင်နေသူများမှာ Wagner Group ပုဂ္ဂလိကစစ်တပ်မှ တပ်ဖွဲ့ဝင်များဖြစ်ပြီး၊ ယင်းစစ်တပ်ကို တည်ထောင်သူ Yevgeny Prigozhin ကမူ ဇလန်းစကီးအနေဖြင့် ယူကရိန်းတပ်များအား မည်သို့ဆုတ်ခွာမည်ဆိုသည်ကို စဉ်းစားရန်သာလိုတော့ကြောင်းဆိုသည်။

အနောက်တိုင်း စစ်ဗျူဟာပညာရှင်များနှင့် တာဝန်ရှိသူများကမူ ယင်းမြို့ကို ရုရှားတို့သိမ်းပိုက်ခြင်းသည် ဗျူဟာမြောက်တန်ဖိုးထက်ပိုမိုသော အခြားအဓိပ္ပါယ်ရှိလိမ့်မည်ဟု သုံးသပ်ကြသည်။

ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ကမူ Bakhmut ကို ထိန်းချုပ်ထားပြီးလျှင် မိမိတို့ တပ်ဖွဲများကို ယူကရိန်းအတွင်း ပိုမိုနက်ရှိုင်းစွာ ထိုးစစ်ဆင်နိုင်စေမည်ဟု အင်္ဂါနေ့က ပြောကြားခဲ့သည်။

(The Guardian)


LEAVE A REPLY

Please enter your comment!
Please enter your name here