မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင်ယမန်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ပိုရ

0
226

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၁ ဘီလီယံကျော်ရရှိထားပြီး ယမန်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

အဆိုပါ ကုန်သွယ်ရေးဝင်ငွေသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ မတ်လ ၃ ရက်အထိ ဆယ်လကျော်ကာလအတွင်း ရရှိထားသည့် ဝင်ငွေဖြစ်ကြောင်း သိရသည်။

ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီနှင့် ကျိုင်းတုံ နယ်စပ်ဂိတ်တို့ကနေ ကုန်သွယ်မှုပြုလုပ်နေပြီး နယ်စပ်ဂိတ်တွေအနက် ၉၀ ရာခိုင်နှုန်းနီးပါးကုန်သွယ်မှုပြုလုပ်နေသည့် မူဆယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၈ ဘီလီယံရရှိထားပြီး  လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ  ၁၂၇ ဒသမ ၆၄ သန်းရရှိထားကြောင်း သိရသည်။

ယင်းအပြင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ  ၂၉၇ ဒသမ ၇၃ သန်း၊ ကံပိုက်တီဂိတ်မှ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၂၅ သန်း၊ကျိုင်းတုံဂိတ်မှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၅ သန်းဖြင့် အနည်းဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စသည့် လယ်ယာထွက်ကုန်ပစ္စည်းအပါအဝင် ရော်ဘာ၊ ကြက်သွန်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိသည့် ကုန်ပစ္စည်းတွေကို တရုတ်ပြည်သို့ တင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားကုန်သောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here