ယာဥ်စည်းကမ်းချိုးဖောက်မှုအများဆုံးမှာတစ်ဦးချင်းပိုင်ယာဉ်လိုင်းများမှဖြစ်

0
138

မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် တစ်ဦးချင်းပိုင်ယာဉ်လိုင်းများမှ စည်းကမ်းချိုးဖောက်မှုအများဆုံးဖြစ်ကြောင်း YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

ယင်းကြောင့် YRTC အနေဖြင့် တစ်ဦးချင်းပိုင်ယာဉ်လိုင်းများအား မေလ ၃၁ ရက်နောက်ဆုံးထား၍ အများပိုင်ယာဉ်လိုင်းအဖြစ်ပြောင်းလဲရန် ညွှန်ကြားထားသည်။

“ဒီယာဥ်လိုင်းတွေကို ဖမ်းဆီးပြီး CNG ပိတ်သိမ်းအရေးယူဆောင်ရွက်ပြန်ရင်လည်း သူတို့က
မပြေးဆွဲရုံပဲရှိမယ်။ အဲဒီတော့ မြေပြင်မှာယာဥ်စီးရေးထွက်ရှိမှုက လျော့ကျသွားနိုင်တယ်။ ပြေးဆွဲတဲ့ယာဥ်စီးရေကလျော့ကျသွားရင် ခရီးသည်တွေပဲ အခက်အခဲဖြစ်မှာ။ ဒါကြောင့်အများပိုင်ယာဥ်လိုင်းအဖြစ်ပြောင်းလဲပြေးဆွဲခိုင်းတာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါ တစ်ဦးချင်းပိုင်ယာဉ်လိုင်းများ စည်းကမ်းချိုးဖောက်မှုများမှာ ခရီးသည်အားမချေမငံပြောဆိုခြင်း၊ယာဉ်စီးခပိုကောက်ခြင်း၊ယာဥ်နောက်လိုက်ပါရှိခြင်းတို့ဖြစ်ကြောင်း သိရသည်။

တစ်ဦးချင်းပိုင် YBS ယာဉ်တွေအနေဖြင့် အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းလဲပါက ယာဉ်လိုင်းပြေးဆွဲခွင့် ပိတ်သွားမည်ဖြစ်ကြောင်း၊ မြို့တွင်း၌ YBS ယာဉ်အစီးရေ ၅၀၀၀ ကျော်ရှိပြီး ယင်းတွင် ယာဉ်အစီးရေအများစုသည် အများပိုင်အဖြစ် ပြောင်းထားပြီးဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ YBS ယာဉ်လိုင်းပေါင်း ၃၄၀၀ ကျော်နှင့် နေ့စဉ် ခရီးသွားဦးရေ ၁ ဒသမ ၄ သန်းခန့်ကို ဝန်ဆောင်မှုပေးနေပြီး လက်ရှိတွင်လည်း စည်းကမ်းမဲ့မောင်းနှင်သည့် YBS ယာဉ်အစီးရေ ၅၀၀ ကျော်ကိုလည်း CNG ပိတ်သိမ်းအရေးယူဆောင်ရွက်ထားကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here