ကရင်လက်နက်ကိုင်(၄)ဖွဲ့ ခေါင်းဆောင်များနှင့် ဒေသခံကရင်လူထု (၂၀၀၀) ကျော်နှင့် တွေ့ဆုံ၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားကိစ္စ ထိန်းချုပ်ပေးရန် လူထုကတောင်းဆို

0
151

ကရင်လက်နက်ကိုင်အဖွဲ့အစည်း (၄) ခုမှ ခေါင်းဆောင်များနှင့် ကရင်ဒေသခံလူထုများ တွေ့ဆုံကာ ဒေသတွင်း စစ်ရေး၊ နိုင်ငံရေး ကိစ္စများ မူးယစ်ဆေးဝါးနှင့် တရားမဝင်လောင်းကစားလုပ်ငန်းများ ပပျောက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကရင်လက်နက်ကိုင်အဖွဲ့ (၄)ခုဖြင့် ဖွဲ့စည်းထားသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီနှင့် ဒေသခံလူထု တွေ့ဆုံပွဲကို ယမန်နေ့ မတ်လ (၁၀) ရက်က KNU တပ်မဟာ (၇) နယ်မြေ နဘူးမြို့နယ်ခွဲတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ KNU ၊ KNU/KNLA(PC)၊ DKBA နှင့် BGF အဖွဲ့တို့မှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ဒေသခံ ကရင်လူထု (၂၀၀၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ဒေသခံ ကရင်လူထုက ဒေသတွင်း၌ လတ်တလောဖြစ်ပွားနေသည့် နိုင်ငံရေး စစ်ရေးအခြေအနေများကို မေးမြန်းခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသည့် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသခံ ကရင်လူထုက ပြည်နယ်အတွင်း ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများနှင့် တရားမဝင်လောင်းကစားလုပ်ငန်းများအား ထိန်းချုပ်ပေးရန် ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီထံ တင်ပြတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ KNLA စစ်ဦးချုပ် ဗိုလ်ချုပ်ဂျော်နီ အပါအဝင် တပ်မဟာ (၇) မှ ထိပ်ပိုင်ခေါင်းဆောင်များ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)မှ ဗိုလ်မှူးကြီး စောဆန်းအောင်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောထော့လေး၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF မှ ဗိုလ်မှူးကြီး စောချစ်သူတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲနှင့် ပတ်သက်၍ KNU/KNLA(PC) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း အစည်းအဝေးအတွင်း ရောက်ရှိနေ၍ ဖြေကြား၍ မရနိုင်သေးကြောင်း ပြန်လည်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here