ပုလဲမြို့သစ်တွင် အမျိုးသား ၄ ဦးက Taxi မောင်းသူအား ဝက်အူလှည့်ဖြင့်ထိုး၍ ကားကိုလုယက်သွား

0
316

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊ပုလဲမြို့သစ်တွင် အမည်မသိအမျိုးသား ၄ ဦးက Taxi မောင်းသူအား ဝက်အူလှည့်ဖြင့်ထိုး၍ ကားကိုလုယက်မောင်းနှင်သွားခဲ့မှု မတ် ၁၂ ရက်(ယနေ့)နံနက်အစောပိုင်းကဖြစ်ပွားခဲ့သည်ဟု ကားပိုင်ရှင်ထံမှသိရသည်။

“မနက် ၅ နာရီလောက်မှ ထောက်ကြန့် ကမ္ဘောဇဘဏ်ရှေ့တစ်ဖက်လမ်းကနေ လမ်းကူးလာပြီး မင်္ဂလာဒုံ ပုလဲအိမ်ယာဝင်းထဲကိုဌားတယ် ဘဏ်အကျော်လေးလောက်မှာ ၂ ယောက်စောင့်နေတယ် ၄ ယောက်ပေါင်းပြီး ၅၀၀၀ နဲ့ဌားတာ”ဟု Taxi ကားပိုင်ရှင်ကပြောသည်။

ထို့နောက် ပုလဲအိမ်ယာဝင်းအတွင်းရှိ လူပြတ်သည့်နေရာအရောက်တွင် ကားအားရပ်ခိုင်းပြီးနောက် ကျသင့်ငွေပေးရာမှတဆင့် Taxi မောင်းသူ၏လည်ပင်းအား ကြိုးကွင်းဖြင့်စွတ်၍ ကားပေါ်မှဆွဲချကာ ထိုးကြိတ်ကန်ကျောက်ပြီးနောက် ကားအားမောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“ကျသင့်ငွေ ၅၀၀၀ ပေးတဲ့အချိန်မှာစဖြစ်တာ ပြန်အမ်းတဲ့ပိုက်ဆံထဲမှာ တစ်ထောင်တန်အကြီးတစ်ရွက်ပါသွားတာကိုပြန်လဲခိုင်းတယ် လဲစရာမရှိဘူးလို့ပြောတဲ့အချိန် ကားသမားလည်ပင်းကိုကြိုးကွင်းစွတ်ပြီး ဆောင့်ဆွဲတယ် အပြန်အလှန်ထိုးကြိတ်တာနည်းနည်းဖြစ်တယ် သူတို့ကပါလာတဲ့ ဝက်အူလှည့်နဲ့ကားသမားရဲ့ဆီးအိမ်ကိုထိုးတယ် ရှောင်လိုက်တဲ့အတွက် ပေါင်ကိုရှပ်ထိသွားတယ်”ဟု ကားပိုင်ရှင်ကပြောသည်။

ထိုးကြိတ်ကန်ကျောက်ခံခဲ့ရသဖြင့် ကားမောင်းသူ၏ မျက်လုံး ၂ လုံး၊မျက်နှာတစ်ပြင်လုံး၊သွား ၂ ချောင်းနဲ့ပြီး ပြတ်ရှဒဏ်ရာတို့ရရှိခဲ့သဖြင့် အခင်းဖြစ်နေရာအနီးရှိ ဘုန်းတော်ကြီးကျောင်းမှ ပရဟိတအသင်းကားဖြင့် ကားမောင်းသူ၏နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“အိမ်ကနေမှတဆင့် အင်းစိန်ဆေးရုံကိုသွားတယ် ဆေးရုံမှာလိုအပ်တာတွေလုပ်ပြီး အိမ်ကိုပြန်ခေါ်လာတယ် ဆေးရုံထပ်ပြဖို့မနက်ဖြန်ရက်ချိန်းယူထားတယ် ဆေးရုံကစောင့်ကြည့်တဲ့သဘောနဲ့ ၂၄ နာရီဆေးရုံတက်ခိုင်းပေမယ့် အခက်အခဲရှိတဲ့အတွက် မတက်ဖြစ်တာပါ”ဟု ကားပိုင်ရှင်ကပြောသည်။

မနက်ဖြန်တွင် ဆေးရုံးရက်ချိန်းပြန်လည်ပြသရာ၌ လိုအပ်ပါက ဆေးရုံတက်သွားမည်ဖြစ်ပြီး ဖြစ်စဥ်အား ထောင့်ကြန့်မြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

“ကားကိုတော့လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးဘူး ပြန်လည်းမတွေ့သေးဘူး ရဲစခန်းမှာလည်းအမှုဖွင့်ထားပြီးသားပါ ဖြစ်ဖြစ်ချင်းမှာ မင်္ဂလာဒုံမြို့မရဲစခန်းမှာ အမှုဖွင့်တယ် နယ်မြေမတူတဲ့အတွက် ပုလဲရဲစခန်းမှာလည်းဖွင့်တယ် နောက်ဆုံးကြမှ ဒီထောက်ကြန့်ရဲစခန်းမှာအမှုဖွင့်နိုင်ခဲ့ပါတယ်”ဟု ကားပိုင်ရှင်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here