အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရန် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်ရမည်ဟုဆို

0
156

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်မှ မတ် (၁၁) ရက် မွန်းလွဲ (၂) နာရီက မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၌ ပြုလုပ်သည့် ပုဂ္ဂလိကကဏ္ဍတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးခြင်းအခမ်းအနားတွင် အဂတိလိုက်စားမှုလျော့နည်းကျဆင်းရေးနှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုဆိုသည်မှာ မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားလုပ်၍ ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ ဥပဒေနှင့်အညီ ရထိုက်သောအခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သောအခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ပေးခြင်း၊ တံစိုးလက်ဆောင်ပေးရန်အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှလက်ခံခြင်း ၊ ရယူခြင်းနှင့် ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ တစ်နည်းနည်းဖြင့်ပြုလုပ်ခြင်းတို့ပါဝင်သည်။

အဆိုပါ အဂတိလိုက်စားမှုလျော့နည်းကျဆင်းစေရန်အတွက် အသိပညာပေးရေးလုပ်ငန်းများနှင့် တားဆီးကာကွယ်ရေးသည်အရေးကြီး၍ အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူပူးပေါင်းဆောင်ရွက်ရမည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ကပြောသည်။

ထို့အပြင် အဂတိလိုက်စားမှုလျော့နည်းကျဆင်းစေရန် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးနှင့် စာရိတ္တမဏ္ဍိုင် ခိုင်မာရေးအတွက် ပညာပေးအစီအစဉ်များအား မူလတန်း၊ အလယ်တန်း၊အထက်တန်းကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်သင်ကြားစေလိုကြောင်းလည်း ၎င်းကဆိုသည်။

“Prevention is better than cure ဆိုသလို အဂတိလိုက်စားမှုကို မဖြစ်ခင်က ကြိုတင်ကာကွယ်ဖို့လိုအပ်ပါတယ်” ဟု ဒေါက်တာဌေးအောင်က ပြောသည်။

မတ်လ(၁၁)ရက်က ပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် တိုင်းအစိုးရအဖွဲ့မှလည်း ဦးစားပေးဆောင်ရွက်လျက်ရှိကာ အစိုးရအဖွဲ့အစည်းများအပြင် ပုဂ္ဂလိကကဏ္ဍတွင်လည်း အဂတိကို ​ရှောင်ရှားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းကလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ခြင်းဖြင့်ကောင်းမွန်သည့် စီးပွားရေးပတ်ဝန်းကျင် တည်ဆောက်နိုင်ပြီး ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ ၊အမိန့်ညွှန်ကြားချက်များ ရှင်းလင်းပြတ်သားမှု မရှိခြင်းသည်လည်း အဂတိလိုက်စားမှုအခွင့်အလမ်းကို ဖြစ်ပေါ်စေကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here