စွမ်းဆောင်ရည်အသစ်တွေထပ်မံပါဝင်လာမည့် GPT 4

0
192

AI Tool တွေများစွာရှိတဲ့အနက် ကမ္ဘာတစ်ဝန်းမှာ လူသုံးအလွန်များလာတဲ့ Tool ကတော့ ChatGPT ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ ယခုလက်ရှိအသုံးပြုနေတဲ့ ChatGPT ကို နည်းပညာပိုင်းအဆင့်မြှင့်တင်ဖို့ စီစဉ်နေတယ်လို့ မကြာသေးမီကပဲ မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ကြေငြာလိုက်ပါတယ်။ အခုအဆင့်မြှင့်တင်မှုကိုတော့ GPT-4 လို့ခေါ်ဆိုပြီး လာမည့်ရက်သတ္တပတ်အတွင်း အစောဆုံးအသုံးပြုသွား နိုင်ဖို့စီစဉ်နေတယ်လို့လည်းသိရပါတယ်။

GPT-4 မှာထပ်မံပါဝင်လာမည့်လုပ်ဆောင်မှုတွေထဲက စိတ်လှုပ်ရှားစရာအကောင်းဆုံးလုပ် ဆောင်မှုတစ်ခုကတော့ စာသားနဲ့ရေးသားထားတဲ့ခိုင်းစေမှုတွေကို AI ကနေဗွီဒီယိုအဖြစ်ပြန်ပြီး ဖန်တီးထုတ်လုပ်ပေးနိုင်ခြင်းပဲဖြစ်တယ်လို့ မိုက်ခရိုဆော့ဖ်ရဲ့ပညာရှင်တစ်ဦးဖြစ်သူ Andreas Braun ကဆိုပါတယ်။

GPT-4 က ChatGPT ကိုပိုမိုစွမ်းဆောင်ရည်ကောင်းမွန်လာစေမှာဖြစ်ပြီး စာသားတွေကို ဗွီဒီယို အဖြစ်ဖန်တီးထုတ်လုပ်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။ ဒီလိုမျိုး AI က စာသားကနေ ဗွီဒီယိုအဖြစ်ဖန်တီးပေးတဲ့နည်းပညာကို ChatGPT မှာပထမဆုံးအနေနဲ့ မြင်တွေ့ရတာတော့မဟုတ်ပါဘူး။

အဆိုပါ နည်းပညာမျိုးကို Facebook ရဲ့မိခင်ကုမ္ပဏီ Meta က ၂၀၂၂ ခုနှစ်ကတည်းက မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ChatGPT မှာထပ်မံပါဝင်လာမည့် နည်းပညာအဆင့်မြှင့်တင်မှုက Meta ရဲ့နည်းပညာထက် ဘယ်လိုနေရာတွေမှာ ပိုပြီးစွမ်းဆောင်ရည်ကောင်းမွန်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် GPT-4 မှာ အသုံးပြုသူရေးသားလိုက်တဲ့စာသားတွေကို ဓာတ်ပုံ၊တေးဂီတနဲ့ ဗွီဒီယို အဖြစ်ဖန်တီးပေးနိုင်မည့် စွမ်းဆောင်ရည်တွေထပ်မံပါဝင်လာမယ်လို့လည်း သိရပါတယ်။ နောက်ပြီး ဖုန်းခေါ်ဆိုမှုစင်တာတွေမှာ အလုပ်သမားတွေနဲ့ဖောက်သည်တွေကြား ဖုန်းပြောဆိုမှုတွေကို စာသားတွေအဖြစ် GPT-4 ကပြောင်းလဲပေးနိုင်မှာဖြစ်တာကြောင့် ဖုန်းခေါ်မှုတွေကိုအကျဉ်းချုံ့ပြီး ရေးသားဖော်ပြပေးရတဲ့အလုပ်တွေအတွက် အချိန်ကုန်သက်သာစေမှာလည်းဖြစ်ပါတယ်။

မိုက်ခရိုဆော့ဖ် အနေနဲ့ GPT-4 ကို Bing Web Browser မှာထည့်သွင်းသွားမလား၊ မထည့်သွင်းဘူးလားဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။ ဘာဖြစ်ဖြစ်အခုလိုအဆင့်မြှင့်တင်လိုက်မည့် GPT-4 ကနေ ဘယ်လိုစွမ်းဆောင်ရည်မျိုးတွေထပ်ပြီးပါရှိလာဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ နောက်ပြီး မိုက်ခရိုဆော့ဖ်အနေနဲ့ ၎င်းတို့ရဲ့ဉာဏ်ရည်တုနည်းပညာနဲ့အတူအခက်အခဲပြဿနာတွေကို ဖြေရှင်းပေးနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရပါဦးမယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here