ဆေးခြောက်အဆီဖြင့် ချောကလက်မုန့်ပြုလုပ်၍ Online မှတဆင့်ရောင်းချသူအား တာမွေမြို့နယ် ၌ဖမ်းမိ

0
241

ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊တာမွေကြီး(ခ)ရပ် ကွက်တွင် ဆေးခြောက်အဆီဖြင့် ချောကလက်မုန့်ပြုလုပ်၍ Online မှတဆင့်ရောင်းချသူအား မတ် ၈ ရက်နေ့လည်ပိုင်းက လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များသည် ချောကလက်ကဲ့သို့မုန့်များအား ဆေးခြောက်အဆီဖြင့်ရောစပ်၍ Online ပေါ်မှ ရောင်းချနေမှုများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးခဲ့ရာ ယင်းနေ့နေ့လည် ၁ နာရီခန့်တွင် သတင်းအရ တာမွေမြို့နယ်၊တာမွေကြီး(ခ)ရပ်ကွက်၊(၁၆၆)လမ်းမပေါ်တွင် မဆုသက်မွန်(ခ)ပုံ့ပုံ့အား ဆေးခြောက်(၆၅ ဂရမ်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ၎င်းနေထိုင်သည့် တာမွေမြို့နယ်၊တာမွေကြီး(ခ)ရပ်ကွက်၊တိုက်(၂၀)ရှိ အခန်းအားဆက် လက်ရှာဖွေရာ ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် ဆေးခြောက်(၂၄၀ ဂရမ်)၊ ဖန်ပုလင်းဖြင့်ထည့်ထားသည့် ဆေးခြောက်အဆီ(၆ဝ စီစီ)၊ရေခဲသေတ္တာအတွင်းမှ ဆေးခြောက်အဆီဖြင့်ရောနှောပြုလုပ်ထားသည့် ချောကလက်မုန့် ၁၂၄ ခု၊ဆေးခြောက်မုန့်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးချက်အရ ၂၀၁၆ ခုနှစ်မှစ၍ ဆေးခြောက်အဆီထုတ်သည့်နည်းပညာအား Online မှစတင်လေ့လာခဲ့ကာ ၂ဝ၂၂ ခုနှစ်၊ဩဂုတ်လတွင် ဆေး ခြောက်များအား Online ပေါ်မှတစ်ဆင့်ဝယ်ယူပြီး ချောကလက်မုန့်များအတွင်းသို့ ဆေးခြောက်အဆီများရောနှောပြုလုပ်၍ လူငယ်များအား Online မှတစ်ဆင့်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဖေည်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here