၂၀၂၃ ခုနှစ် ဇန်နဝါရီနှင့် ဖေဖေါ်ဝါရီ (၂)လအတွင်း မီးလောင်ကျွမ်းမှု (၃၆၀) ရှိပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း (၈၁၀၀) ကျော်အထိရှိ

0
126

၂၀၂၃ ခုနှစ် ‌ဇန်နဝါရီ နှင့် ဖေဖေါ်ဝါရီ (၂) လတာအတွင်း နိုင်ငံတစ်ဝန်း၌ မီးလောင်ကျွမ်းမှု အကြိမ်ပေါင်း (၃၆၀) ကျော်ရှိခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးအနေဖြင့် ကျပ်သန်း (၈၁၀၀) ကျော်အထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်မှ သိရသည်။

အဆိုပါ အခြေအနေသည် ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်မည်ဆိုပါက ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း (၅၀၀၀) ကျော် ပိုများနေကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးထံမှ သိရသည်။

ယမန်နှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီနှင့် ဖေဖေါ်ဝါရီလ တို့တွင် နိုင်ငံတဝန်း မီးလောင်ကျွမ်းမှု အကြိမ်ရေ (၄၀၄) ကြိမ်ဖြစ်ပွားခဲ့သည့်အတွက် ယခုနှစ်တွင် မီးလောင်မှုအကြိမ် (၄၄) ကြိမ် လျှော့နည်းခဲ့သော်လည်း ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ယခင်နှစ် ကာလတူတွင် မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း (၂၇၀၀) သာရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မီးလောင်မှုဖြစ်စဉ်များအတွက် အသက်ဆုံးရှုံးရမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေမှာလည်း ယခုနှစ်တွင် မီးလောင်မှုကြောင့် သေဆုံးသူ (၂၅) ဦးနှင့် ဒဏ်ရာရရှိသူ (၆၄) ဦးရှိပြီး ယမန်နှစ် ကာလတူတွင် မီးလောင်မှုကြောင့် သေဆုံးသူ (၂၁) ဦး၊ ဒဏ်ရာရရှိသူ (၂၅) ဦးသာရှိသည့်အတွက် ယခုနှစ်တွင် ပိုမိုများပြားလာကြောင်း ဦးသိန်းထွန်းဦး၏ ပြောကြားချက်အရ သိရသည်။

လက်ရှိကာလများသည် မြန်မာနိုင်ငံတွင် ပူပြင်းခြောက်သွေ့သည့် ကာလဖြစ်ပြီး မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ပေါ်သည့် ကာလများ ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့်လည်း မီးဘေးလုံခြုံမှုကို အထူးဂရုစိုက်ကြစေလိုကြောင်းလည်း ၎င်းက နိုင်ငံပိုင် မီဒီယာမှတဆင့် သတိပေး ပြောကြားထားသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန် ၊ မန္တလေး အပါအဝင် မြို့ကြီးအချို့တွင် မီးလောင်ကျွမ်းမှုများ နေ့စဉ်ရက်ဆက်နီးပါး ဖြစ်ပွားနေပြီး ယနေ့မတ်လ (၁၀) ရက် နံနက်အစောပိုင်းတွင်လည်း မန္တလေးတိုင်း ၊ မဟာအောင်မြေမြို့နယ် ၊ (၄၁)လမ်း ၊ (၄၂) လမ်းကြားတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၉)လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်နှင့် မြေပြင်သတင်း အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် (၂) လတာအတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှု အကြိမ်ရေ (၃၆၀) တွင် ပေါ့ဆမီးကြောင့် လောင်ကျွမ်းမှု (၁၀၃) ကြိမ် ၊ လျှပ်စစ်မီးကြောင့် လောင်ကျွမ်းမှု (၁၀၅) ကြိမ်၊ မီးဖိုမီးကြောင့် လောင်ကျွမ်းမှု (၆၄) ကြိမ်အပါအဝင် ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here