ခရီးသည်တင် ယာဉ်ပေါ်မှ ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ  ၃ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ကီလို ဖမ်းဆီးရမိ

0
144

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ခရီးသည်တင် ယာဉ်ပေါ်မှ ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ  ၃ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ကီလို အား မတ်လ (၁၀ ရက်) နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့‌ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်မြို့မှ မြိတ်မြို့သို့ ဖိုးသဲ မောင်းနှင်ပြီး  သန်းထွန်းအောင်(ခ)မဲကြီး၊ ဇာနည်ဦး(ခ)စိန်သူနှင့် မြတ်သူ(ခ)ဘုကြီး တို့လိုက်ပါလာသော MITSUBISHI FUSO ခရီးသည်တင်မှန်လုံယာဉ်သည် စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်လာသည်ဟု သတင်းရရှိသည့်အတွက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ရှာဖွေစစ်‌ဆေးရာ ယာဉ်ပေါ်ပါ ပလတ်စတစ်ခြင်း ၆ ခြင်းအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၃ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သည်။

ဖမ်းမိမူးယစ် ဆေးဝါးများကို ရန်ကုန်တိုင်းဒေသကြီးမှ တနင်္သာရီတိုင်းဒေသကြီးသို့သယ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ  သိရပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here