ထိုင်းတွင် မြန်မာနိုင်ငံသားဟု ယူဆရသူ (၃)ဦး၏ ရုပ်အလောင်းများအား နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် သစ်တောအတွင်း၌တွေ့ရှိခဲ့

0
96

ထိုင်းနိုင်ငံ၊ ဆုန်ခရာခရိုင်ရှိ သစ်တောတစ်ခုအတွင်း၌ နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသော မြန်မာနိုင်ငံသားဟု ယူဆရသူ (၃) ဦး၏ ရုပ်အလောင်းများအား မတ် (၁၅) ရက်နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။

ဆုန်ခရာခရိုင်ရှိ သစ်တောတစ်ခု အတွင်း၌ အမှိုက်ကောက်၍ ပြန်လာသူတစ်ဦးမှ အိတ်များဖြင့် ထုတ်ထားသည့် အမျိုးသား (၃) ဦး၏ ရုပ်အလောင်းများအား တွေ့ရှိခဲ့သဖြင့် တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

တာဝန်ရှိသူများမှ ရုပ်အလောင်းများအား စစ်ဆေးရာ ခြေထောက်များနှင့် လက်များအားကြိုးဖြင့် တုတ်၍ လည်ပင်းများတွင် ဒဏ်ရာများရကာ နှိပ်စက်ခံထားရပြီး သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

“ရဲတွေရဲ့စစ်ဆေးချက်အရကတော့ သေတာ (၃) ရက်လောက်ရှိပြီ။ အပုတ်နံ့တွေ ထွက်နေတယ်။ ယူဆချက်အရကတော့ သူတို့ရဲ့အနေအထား ပုံစံရယ်၊ ဝတ်စားထားပုံအရရယ် ကြည့်ပြီး မြန်မာနိုင်ငံသားတွေ ဖြစ်မယ်လို့ ရဲတွေက သုံးသပ်ထားတယ်။ အလောင်းတွေ တွေ့တဲ့နေရာက ထိုင်း-မလေးရှား နယ်စပ်မှာပါ”ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်၌ သေဆုံးရသည့်အကြောင်းရင်းအား တိကျစွာသိရှိနိုင်ရန် ရုပ်အလောင်း (၃) လောင်းအား ဟတ်ရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ဆုန်ခရာခရိုင်တာဝန်ရှိသူများမှလည်း ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here